CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁

မက်ဆီဟာ အခုနှစ် ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းထံ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီဟာ ၂၀၂၀ က ဘာစီလိုနာအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ပီအက်စ်ဂျီ အသင်း ထံ ပြောင်းရွှေ့ခဲ့ပြီး ၂ နှစ် စာချုပ်ချုပ်ဆိုထားတာပါ။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး လီဂူးဝမ်းပြိုင်ပွဲမှာ ၆ ဂိုးသာ သွင်းယူကာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီဟာ ဒီရာသီမှာတော့ အကောင်းဆုံးပုံစံကို ပြန်လည် ရှာဖွေနိုင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

မက်ဆီဟာ ဒီရာသီမှာ ပြင်သစ်ကလပ်အတွက် ၁၇ ပွဲ ကစားထားပြီး ၁၂ ဂိုး သွင်းယူကာ ၁၃ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီကိုတွေ့ရစဉ် (Football365)

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် စာချုပ် သက်တမ်းတိုးပြီး ပီအက်စ်ဂျီမှာ ဆက်နေမလား၊ ဒါမှမဟုတ် ဘာစီလိုနာကို ပြန်မလားဆိုပြီး ထင်ကြေးတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာပါ။

ဒါ့အပြင် မက်ဆီဟာ တတိယ ရွေးချယ်မှုအဖြစ် အင်တာမိုင်ယာမီ အသင်းနဲ့ စာချုပ်ချုပ်ဖွယ် ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

The Athletic ကတော့ ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ အသင်းဟာ လွန်ခဲ့တဲ့ နှစ်တွေထဲက ဆွေးနွေးမှုတွေ ပြုလုပ်ထားတာကြောင့် မက်ဆီကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှုတွေ မြင့်မားနေတယ်လို့ ဖော်ပြထား တာပါ။

ဒေးဗစ်ဘက်ခမ်းနဲ့အတူ မေဂျာလိဂ် ကလပ်ကို ပူးတွဲပိုင်ဆိုင်တဲ့ ဂျော့ချ်နဲ့ ဂျို့စ်မတ်စ်တို့ဟာ မက်ဆီရဲ့ ဖခင်ဖြစ်သူ နဲ့ ဆွေးနွေးမှုတွေ အများအပြား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မက်ဆီကတော့ လက်ရှိအချိန်မှာ အာဂျင်တီးနား လက်ရွေးစင်နဲ့ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်တဲ့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပဲ ပိုပြီး အာရုံစိုက်နေပါတယ်။ ဒီပြိုင်ပွဲပြီးမှ မက်ဆီဟာ သူ့အနာဂတ်ကို ဆုံးဖြတ်ဖို့ ရှိနေတာ လည်း ဖြစ်ပါတယ်။

Source: Sportbible