CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀

အင်တာမိုင်ယာမီအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုဒုတိယမြောက်ပွဲစဉ်မှာ အသင်းခေါင်းဆောင် မက်ဆီ ရဲ့ လှပတဲ့ဖရီးကစ် သွင်းဂိုးကြောင့် ပေါ်တိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

ဒီပွဲမှာ ပေါ်တိုအသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး အဂီဟိုဝါက ပင်နယ်တီကနေ သွင်းယူခဲ့ကာ အင်တာမိုင်ယာမီ အသင်းအတွက် ချေပဂိုးကို ဆီဂိုဗီယာနဲ့ အနိုင်ဂိုးကို မက်ဆီက သွင်းယူခဲ့တာပါ။

အဲဒါကြောင့် အင်တာမိုင်ယာမီအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ အယ်လ်အာလီအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပေမယ့် ဒီပွဲအနိုင် ရရှိခဲ့တဲ့အတွက် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ ၁၆ သင်းအဆင့် တက်နိုင်ဖို့ အခြေအနေကောင်း ခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ ဒီပွဲရဲ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

မက်ဆီကို တွေ့ရစဉ်

မက်ဆီက ဒီနိုင်ပွဲဟာ တစ်သင်းလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့တာလို့ ပွဲအပြီး DAZN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

မက်ဆီက “ဒီနိုင်ပွဲဟာ အလွန်အရေးပါတဲ့အတွက် ကျနော်တို့ ဒါကို ပျော်ပျော်ရွှင်ရွှင်ခံစားမှာပါ။ ဖရီးကစ်ကတော့ ဂိုးသမားရဲ့ နေရာလွတ်ကို အခွင့်ကောင်းယူကာ ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့တာပါ။ ကျနော်တို့ရဲ့ နောက်လာမယ့် ပွဲက ပါလ်မီးရပ်စ်နဲ့ တွေ့ဆုံရမှာဖြစ်ပြီး ဒီအသင်းဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးအသင်းပါ။ ဒီပွဲက ကျနော်တို့ အတွက် နောက်ထပ်ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်”လို့ ပြောခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ ဖီဖာရဲ့နိုင်ငံတကာ ကလပ်ပြိုင်ပွဲမှာ ဥရောပအသင်းကို အနိုင်ရတဲ့ ပထမဆုံး ကွန်ကာကပ်ဖ် အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

မက်ဆီအတွက်လည်း ဒီပွဲမှာသွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် အင်တာမိုင်ယာမီအသင်း ကစားသမားဘဝ ပွဲပေါင်း ၆၁ ပွဲမှာ သွင်းဂိုး ၅၀ ပြည့်ခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေယာနိုက သူတို့ဟာ ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်တယ်ဆိုတာ ကမ္ဘာနဲ့ ကိုယ့်ကိုယ်ကို ပြသနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ပါလ်မီးရပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပါလ်မီးရပ်စ် အသင်းကလည်း အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ် ရရှိထားတာဖြစ်ပါတယ်။ 

Source: ESPN