CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀
အင်တာမိုင်ယာမီအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ PSG အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် အသင်းခေါင်းဆောင် မက်ဆီက သူတို့ဟာ ဒီပြိုင်ပွဲမှာ ကောင်းမွန်တဲ့ပုံရိပ် ချန်ထားနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီက “ပွဲကတော့ မျှော်လင့်ထားသလိုပါပဲ။ PSG အသင်းဟာ ကြီးမားတဲ့ အသင်းဖြစ်ပြီး နောက်ဆုံး ကစား ထားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲထားတဲ့အသင်းပါ။ ဒါက အလွန်ကောင်းမွန်ပါတယ်။ ကျနော်တို့ဟာ ဖြစ်နိုင် သမျှ အကောင်းဆုံး ကြိုးစားကစားခဲ့ကြပြီး ကလပ်ကမ္ဘာ့ဖလားအဆင့်မှာ ကောင်းမွန်တဲ့ပုံရိပ်ကို ချန်ထားနိုင်ခဲ့ ပါတယ်”လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဒီပွဲရဲ့ပထမပိုင်းမှာ အင်တာမိုင်ယာမီအသင်းဟာ PSG အသင်းကို သွင်းဂိုး ၄ ဂိုးစလုံး ခွင့်ပြုခဲ့ရတာဖြစ်ပြီး ဂိုးပေါက် ကန်သွင်းမှုတောင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဒုတိယပိုင်းရောက်မှသာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် PSG အသင်း ကို အရေးနိမ့်ပြီး ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့အုပ်စု နောက်ဆုံးပွဲစဉ်မှာ ပါလ်မီးရပ်စ်အသင်းကို ၂ ဂိုးပြတ်နဲ့ ဦးဆောင် ထားပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် အုပ်စုတွင်း ဒုတိယနေရာသာရပြီး ၁၆ သင်း အဆင့်မှာ PSG အသင်းနဲ့ တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီကတော့ သူတို့ဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ ရပြီဖြစ်လို့ နောက်လာမယ့် အရာတွေကိုပဲ စဉ်းစားရမယ်လို့ ပြောခဲ့တာပါ။
အင်တာမိုင်ယာမီအသင်း နည်းပြမာရှေယာနိုက သူတို့ဟာ ကြီးမားတဲ့ သင်ယူစရာတွေရခဲ့ပြီး ဒီပြိုင်ပွဲကနေ ရရှိခဲ့တဲ့ အတွေ့အကြုံတွေဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ အသင်းအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ဇူလိုင် ၅ ရက်မှာ မေဂျာလိဂ်ပွဲစဉ်အဖြစ် မွန်ထရီရယ်လ်အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။ အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ၁၆ ပွဲကစားထားပြီး ရမှတ် ၂၉ မှတ်နဲ့ အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN