CNI News

စက်တင်ဘာ ၂၀

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ခင်းတချို့ ရေနစ်မြှုပ်ခြင်းများ ဖြစ်ပေါ်နေ၍ ဆက်လက် မိုးရွာသွန်းမှုများလျှင် အထွက်နှုန်း ၁၀ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။

စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ နေ့စဉ် မိုးရွာသွန်းမှုများ ရှိနေခြင်းကြောင့် စပါးခင်းများတွင် ရေဝင်ရောက် ပြီး စပါးပင်များ ရေနစ်မြှုပ်ခြင်းနှင့် အပင်များလဲခြင်းများ ဖြစ်ပေါ်နေသည်။

မိုးရွာသွန်းမှု ဆက်လက် ဖြစ်ပေါ်မည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီး အထက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတွင် မိုးစပါး အထွက်နှုန်း ကျဆင်းနိုင်ကြောင်း၊ ခန့်မှန်းခြေအားဖြင့် ၁၀ ရာခိုင်နှုန်းခန့် ပျက်စီးနိုင်သည်ဟု လယ်သမား ဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အများအားဖြင့်တော့ ဧရာဝတီ အထက်ပိုင်း၊ ပဲခူးတိုင်း အဲဒီတိုင်းတွေမှာတော့ ဧည့်မထစပါးပေါ့ သက်နု တွေပေါ့။ ၃ လခွဲ၊ ၄ လ အဲဒီစပါးတွေ စိုက်ကြတာ ဖြစ်တဲ့အတွက် အဲဒီစပါးမျိုးတွေက အထွက်စုံတဲ့လူက စုံပြီ။ နှံဖျားဝင်းတဲ့သူက ဝင်းပြီ။ နို့ရည်ခဲတဲ့သူက ခဲပြီ။ ဖုံးတဲ့သူက ဖုံးပြီ စိုက်တဲ့ရက်ပေါ်မှာ မူတည်ပြီးတော့လေ။ နည်းနည်း နှံဖျားဝင်းတဲ့သူ၊ အထွက်စုံတဲ့ နို့ရည်ခဲတဲ့သူက ဒီမိုးဒီရေနဲ့ တချို့ တော်တော်လေး ကောင်းတဲ့စပါး တွေက အတံလဲတည်။ ဒါပေမယ့် မိုးက ဆက်ပြီးတော့ နောက် ၄၊ ၅ ရက် ဆက်ပြီးတော့ ရွာနေအုံးမယ်ဆိုရင်တော့ ဒီဘက်ပိုင်းက အတိုင်းအတာ တစ်ခု ပျက်နိုင်တယ်။ နောက်ထပ် ၄၊ ၅ ရက် ဆက်ပြီး ရွာမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း ဝန်းကျင်ပေါ့လေ ပျက်သွားနိုင်တယ်” ဟု ပြောသည်။

ရေနစ်မြှုပ်နေသော စပါးခင်းများကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး၊ အထက်ပိုင်းဒေသများဖြစ်သည့် ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ ကျုံပျော်ခရိုင်၊ မအူပင် ခရိုင်နှင့် ပုသိမ်ခရိုင် အထက်ပိုင်းတွင် ရေနစ်မြှုပ်မှု ဖြစ်ပေါ်ပြီး ပျက်စီးမှုများ ရှိနေကြောင်း၊ ကျန်ရှိသည့် ဖျာပုံခရိုင်၊ ကျိုက်လတ်ခရိုင်၊ လပ္ပတ္တာခရိုင်နှင့် မြောင်းမြခရိုင်များသည် ကုန်းမြင့်ပိုင်း ဖြစ်နေခြင်းကြောင့် ပျက်စီးမှု မရှိ ကြောင်း သိရသည်။

ထို့အပြင် ရေနစ်မြှုပ်မှု မဖြစ်ပေါ်သည့် ဘိုကလေးမြို့နယ်တွင် ပြီးခဲ့သည့် နှစ်များ၌ စပါးခင်းများ၌ ပိုးကျမှု မဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိတွင် ပိုးများ ကျဆင်းနေမှုကို တောင်သူများ ခံစားနေကြရသည်။

စပါးခင်းများတွင် ပိုးကျခြင်းကြောင့် ပိုးသတ်ဆေး ဖျန်းရသည့်အတွက် ကုန်ကျစရိတ်သည် တစ်ဧကလျှင် ၁ သိန်း ခန့် ပိုမိုကုန်ကျသွားကြောင်း၊ သို့သော်လည်း လက်ရှိတွင် စပါးပင်များ၌ ကျသည့်ပိုးကို အချိန်မှီ နှိမ်နှင်းနိုင်ခြင်း ကြောင့် စပါးအထွက်နှုန်းကို အနည်းငယ်သာ ထိခိုက်သည်ဟု ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင် က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပျိုးခင်းမှာလည်း ပိုးသတ်ဆေး ထည့်ရတယ်။ အခု စိုက်ခင်းမှာလည်း ပိုးသတ်ဆေး ထည့်ရတယ်။ ကုန်ကျ စရိတ်တွေက များများလာတယ်။ ပိုးကျမှန်းသိတော့ ဆေးဖျန်းတော့ ဆိုးဆိုးရွားရွား မဖြစ်သေးဘူး။ အထွက်နှုန်း တော့ ထိခိုက်နိုင်တာပေါ့။ ဒါပေသည့် အဲဒါကလည်း ပိုးသတ်ဆေး ဖျန်းတဲ့အတွက် စုံစုံလုံလုံ မှို့မကပ်သေးတဲ့ အတွက် စိုးရိမ်စရာတော့ မရှိဘူး။ မှို့ကပ်ခါနီးမှ ကျတာတို့ဆိုရင်တော့ နည်းနည်း စိုးရိမ်စရာရှိတယ်။ အခုချိန်မှာက ပြုပြင်လို့ ရသေးတယ်လေ အပင်ကို ကျတဲ့အတွက်လေ။ နောက်ပိုင်း မှို့ကပ်တဲ့အချိန်၊ စပါးမှို့ကပ်ခါနီး စကျပြီဆို ရင် ဆေးဖျန်း ဘာဖျန်းလည်း တချို့လွန်တာနဲ့ဆို စပါးအထွက်နှုန်း ထိခိုက်နိုင်တယ်။ အခုအနေအထားက စပါးကို ပြုပြင်လို့ရတဲ့ အချိန်မျိုးပေါ့” ဟု ပြောသည်။

ရေနစ်မြှုပ်မှု ဖြစ်ပေါ်ခဲ့သည့် စပါးများသည် စပါးအထွက်နှုန်း ကျဆင်းသည့်အပြင် ရိတ်သိမ်းချိန်တွင် ပေါက်စျေး နှုန်းထားမရရှိဘဲ စျေးနှိမ်ဝယ်ယူ ခံရခြင်းများလည်း ရှိသည်။