CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈

ယခုနှစ် မြန်မာနိုင်ငံ၏ မိုးစပါး အထွက်နှုန်းသည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် လယ်တစ်ဧကလျှင် ပျမ်းမျှ တင်း ၂၀ ခန့် တိုးနိုင်ပြီး စုစုပေါင်း ဧက ၁၀ သန်းတွင် စပါးတန်ချိန် သန်းပေါင်း ဆယ် နှင့်ချီ၍ တိုးလာမည် ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။

သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဈေး၊ ပေါင်းသတ်ဈေး စသည်တို့သည် ပြီးခဲ့သည့်နှစ်ထက် ဈေးနှုန်း သက်သာသည့်အပြင် ရရှိသည့် စပါးဈေးနှုန်းသည်လည်း ၃ ပုံ ၁ ပုံခန့် များပြားနေခြင်းကြောင့် တောင်သူ လယ်သမားအများစုသည် ယခုနှစ် မိုးစပါးစိုက်ပျိုးရာ၌ သွင်းအားစု အမြောက်အမြား သုံးစွဲကြခြင်းကြောင့် စပါး အထွက်နှုန်း တိုးလာခြင်း ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်း ဌာနသို့ ပြောသည်။

“ဒီနှစ်ကတော့ အထွက်နှုန်း မလျော့ဘူး။ မနှစ်ကထက်စာရင် တစ်ဧကကို ပျမ်းမျှ ၂၀/၂၅ လောက် ပြန်တိုးမှာ။ ဘာဖြစ်လို့လဲဆိုတော့လေ ဂရုစိုက်ကြတယ်၊ လယ်ထဲမှာ အခုထက်ထိ မြက်ပေါက်ကြတုန်း။ လယ်ထဲမှာ စပါးဖုံး နေပြီ၊ လုံးနေပြီ လယ်ထဲမှာ လူတွေက ပေါင်းကောက်နေတုန်း၊ အစာပက်နေတုန်း၊ ဆေးဖျန်းနေတုန်း၊ မှိုဆေးတို့ ဘာတို့လေ။ ဒီနှစ်က အစာကလည်း မနှစ်ကထက်စာရင် ဈေးက ၃ ပုံ ၁ ပုံလောက် ကျတယ်။ စပါးဈေးက မနှစ်က ထက်စာရင် ၃ ပုံ ၁ ပုံလောက် ပိုတယ်။ အဲဒီလို ဖြစ်တဲ့အတွက် တောင်သူတွေ ဂရုစိုက်ကြတယ်။ အဲဒီတော့ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်အောက်ပိုင်းမှာရှိတဲ့ စပါးကတော့ အထွက်နှုန်းက မနှစ်ကထက်စာရင် ပျမ်းမျှ တစ် ဧကကို ၂၀ နဲ့ ၂၅ တိုးမယ်။ အဲဒီတော့ အောက်မြန်မာပြည်ဖြစ်တဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းဆိုရင် ကျန်တဲ့ မွန်ပြည်နယ်တို့ ဘာတို့တော့ သူတို့လည်း နီးနီးကပ်ကပ် ရှိမှာပါလို့။ သူတို့လည်း ဒီလိုပဲ လုပ်ကြမယ် ထင်ပါတယ်။ အခု ပဲခူးတိုင်းရယ်၊ ဧရာဝတီတိုင်းရယ်၊ ရန်ကုန်တိုင်းရယ်၊ ဒီဘက်က ကရင်ပြည်နယ်၊ မွန်ပြည်နယ် က စိုက်လို့ရတဲ့ မြေပြန့်ဒေသတွေဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဧက ၁၀ သန်းလောက်မှာ ဘယ်လိုပဲဖြစ်ဖြစ် အန်ကယ် ထင်ပါတယ် မနှစ်ကထက်စာရင် စပါးတန်ချိန် သန်း ဆယ်နှင့်ချီပြီးတော့ တိုးလာမှာပါ ဒီနှစ်က” ဟု ပြောသည်။

စပါးများကိုတွေ့ရစဉ်

ပြီးခဲ့သည့်နှစ်တွင် စပါးစိုက်ပျိုးရာတွင် အသုံးပြုသည့် သွင်းအားစုများသည် ဈေးနှုန်းမြင့်မားနေခြင်းကြောင့် တောင်သူများအနေဖြင့် အသုံးပြုနိုင်မှု နည်းပါးခြင်းကြောင့် စပါးထွက်ရှိမှုနှုန်း နည်းပါးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူ အများစုသည်ရှိသမျှ လယ်ဧက အားလုံးတွင် ဧကချန်လှပ်ထားမှု မရှိဘဲ ဧကအပြည့် စိုက်ပျိုးမှု လုပ်ဆောင်ထားခြင်းကြောင့် စပါးထွက်ရှိမှုနှုန်းသည် ပြီးခဲ့သည့် နှစ်ထက် ပို၍ရရှိမည်ဟု မျှော်မှန်းထားကြောင်း ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြောမယ်ဆိုရင် ထွန်တာယက်တာ၊ စိုက်တာကအစ ဂရုစိုက်ကြတယ် အရင်နှစ်ကထက်စာရင်။ စပါးဈေး ကောင်းတာကို အားပြုပြီးတော့။ ဥပမာ လယ်လပ်ရင် ဘေးက မျိုးဆွဲပြီး ဆွဲစိုက်။ ကိုယ့်ဆီမှာ မျိုးထောင်တာ မရ တဲ့ အခါကျတော့ သူများဆီက ဆွဲစိုက်တာတို့။ နောက် လယ်ချန်မထားဘူး။ နောက်ပိတ်ဆုံး မရတဲ့အဆုံး သီးထပ် စပါးတွေ၊ ရက် ၉၀ တို့၊ ဘေးကျားတို့ ရတဲ့စပါးကို ကျဲကြတာပေါ့။ အရင်တုန်းက လယ်လပ်ရင် လပ်ပါလေ့ဆိုပြီး တော့ ထားကြတာပေါ့။ အခုတော့ လယ်လပ်မထားကြဘူး။ ခါတိုင်းနှစ်ထက်စာရင် စပါးအထွက်နှုန်း စပါးအရနှုန်း တိုးမယ်ပေါ့။ ဘယ်လောက်မှန်းလဲဆိုတော့ မနှစ်ကတော့ ၁၅ ဧကကို ၇၀၀ ထွက်တယ်။ ဒီနှစ်ကတော့ စပါး ပိုထွက်မယ်လို့ မှန်းထားတာပဲ။ စပါးပေါ်မှပဲ သိမှာပေါ့။ ကောက်ထွက်ကလည်း ကောင်းတယ်၊ သမန်းကလည်း ကောင်းတယ်။ တာတွေကလည်း ကောင်းတယ်ဆိုတော့” ဟု ပြောသည်။

ထို့နောက် ယခုနှစ်တွင် ရေကြီးရေလျှံမှုကြောင့် စပါးများ ပျက်စီးသွားခဲ့သည့် ရခိုင်ပြည်နယ်တွင်လည်း မိုးစပါး များကို ပြန်လည်စိုက်ပျိုးမှုများ ရှိနေကြောင်း၊ ပြည်နယ်အတွင်း စပါးစိုက်ပျိုးမှု၏ ၇၅ ရာခိုင်နှုန်းသည် ကုန်းမြင့် ပိုင်းဖြစ်သည့်အတွက် ထိုဒေသတွင် စပါးထွက်ရှိမှုနှုန်း ကောင်းမွန်နိုင်သည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီ တောင်သူ လယ်သမားအသင်းချုပ် အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။

စပါးချွေနေစဉ်

၎င်းက “အထွက်နှုန်းကတော့ အပိုင်း ၂ ပိုင်းနဲ့ ပြောရမယ်။ တစ်ပိုင်းက ဘာလဲဆိုတော့ ကုန်းမြင့်ပိုင်း တောင်သူ တွေ ကျတော့လည်း ဒီနှစ်မှာ မိုးကောင်းနေပြန်ရော။ ကုန်းမြင့်ပိုင်းသမားဆိုရင် ကောင်းတယ်။ ကျန်ခဲ့တဲ့နှစ်က မိုးခေါင်လို့ အဆင်ပြေတဲ့ လယ်သမားတွေ ဒီနှစ်မှာ ရေကြီးလို့ သေနေပြန်ရော။ ကုန်းမြင့်ပိုင်း တောင်သူတွေက တော့ ကောင်းပါတယ်။ ကုန်းမြင့်ပိုင်းက ၇၅ ရာခိုင်နှုန်းလောက် ရှိတယ်” ဟု ပြောသည်။

ယခုနှစ်၏ မိုးစပါး ထွက်ရှိမှုနှုန်းသည် ပြီးခဲ့သည့်နှစ်ထက် တိုးလာနိုင်သည်ဟု တောင်သူများက မျှော်မှန်းထားကြ သော်လည်း မိုးစပါး လှိုင်လှိုင်ပေါ်ချိန်တွင် စပါးဈေးနှုန်းများ ကျဆင်းလေ့ရှိခြင်းကြောင့် တောင်သူများ ရှုံးဆုံးမှု ဖြစ်စေမည့် ဈေးနှုန်း မဖြစ်စေရန် လိုအပ်ကြောင်း  တောင်သူများက ပြောသည်။

သို့မှသာ လာမည့် နွေစပါးစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးလာစေရန်အတွက် ပြန်လည်စိုက်ပျိုးနိုင်မည် ဖြစ်သည် ဟု တောင်သူများက ပြောသည်။