CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၆

မိုးစပါးစိုက်ပျိုးရာတွင် နွေစပါးစိုက် တောင်သူများကို လုပ်ဆောင်ပေးသည့် အကြွေးစနစ်မျိုး မိမိတို့ကိုလည်း ရောင်းချပေးရန် တောင်းဆိုသွားမည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက် တောင်သူများကို ပြီးခဲ့သည့် နွေစပါးစိုက်ရာသီတွင် အစိုးရက သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ပူးပေါင်း၍ အကျိုးတူ လယ်ယာစနစ်ဖြင့် လယ် ၁ ဧကလျှင် ဓာတ်မြေဩဇာ ၂ အိတ်နှုန်းကို အကြွေးစနစ်ဖြင့် ထုတ်ရောင်းပေးခဲ့သည်။

လက်ရှိတွင် ပြီးခဲ့သည့် နွေစပါးရာသီတွင် ထုတ်ချေးပေးထားသည့် ဓာတ်မြေဩဇာအတွက် အကြွေးမဆပ်နိုင်သည့် စပါးစိုက်တောင်သူများ ရှိနေသေးကြောင်း၊ အကြွေးကျန်ရှိနေသည့် ပမာဏပေါ် မူတည်၍ ထုတ်ချေးပေးနိုင်မည့် အခြေအနေကို မေးမြန်းသွားမည်ဖြစ်ကြောင်း၊ မိုးစပါးအတွက် ဓာတ်မြေဩဇာ ထောက်ပံ့ပေးရန် တိုင်းအစိုးရအဖွဲ့ ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာန သို့ ပြောသည်။

တောင်သူများ စိုက်ပျိုးရေးလုပ်နေကြစဉ်

၎င်းက “သက်ဆိုင်ရာ၊ ဌာနဆိုင်ရာ၊ အစိုးရအဖွဲ့နဲ့ တွေ့မလို့ဆိုပြီး မတွေ့ဖြစ်သေးဘူး။ ဒါပေမယ့် ဒီဘက်မှာ တချို့ တောင်သူတွေက အကြွေးပြန် မပေးကြသေးဘူး။ မပေးနိုင်ကြသေးဘူး။ အဲဒီလို အခြေအနေပေါ်မှာ ကိုယ့်ဘက်က လူတွေကလည်း အကြွေးဘယ်လောက် ကျန်သလဲ၊ သူတို့ရော ဘယ်လိုလဲဆိုတာကို အဲဒါ တိုင်းအစိုးရအဖွဲ့နဲ့ သွားတွေ့ပြီးတော့ ကြွေးကျန် ဘယ်လောက်ကျန်သလဲ၊ လာမယ့် မိုးစပါးအတွက် ဘယ်လိုဖန်တီး ပေးအုံးမလဲ အဲဒါ လေး သွားမေးဦးမယ်လို့။ မိုးစပါးကိုလည်း အခု နွေစပါးလိုပဲ တတ်နိုင်သလောက် ထောက်ပံ့ပေးဖို့ပေါ့။ ပေးဖို့တော့ အစီအစဉ် ရှိမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီလိုပေးလိုက်တဲ့အတွက် စိုက်ပျိုးတဲ့သူတွေလည်းပဲ နည်းနည်း အားရှိတာ ပေါ့။ လက်ရှိ စပါးဈေးရော၊ ထောက်ပံ့ ပေးတာရောဆိုရင် တချို့တောင်သူတွေကျတော့၊ ပြေလည်တဲ့ တောင်သူ တွေ ကျတော့ သူတို့မပေးလည်း ဝယ်နိုင်တယ်လေ။ မပြေလည်တဲ့ တောင်သူတွေကျတော့ နဂိုကတည်းက မပြေ လည်၊ အကြွေးတွေ ထူနေတဲ့ တောင်သူတွေကျတော့ သိတဲ့အတိုင်းပဲ ထုတ်ပေးတော့လည်း ယူတာပေါ့။ ဒါပေမယ့် လည်း ဒီပြင် ကြွေးတွေကို ဦးစားပေးဆပ်တော့ ဒီဘက်ကြွေးလည်း နည်းနည်း ကြန့်ကြာနေတာ ရှိတာပေါ့။ အဲဒီ တော့ ပြေလည်တဲ့ တောင်သူတွေအတွက် အစိုးရ၊ ကန်ထရိုက်လယ်ယာက သိပ်ပြီးတော့ အရေးမကြီးပေမယ့် မပြေလည်တဲ့ တောင်သူအတွက်တော့ အလွန်အရေးကြီးတာပေါ့” ဟု ပြောသည်။

မိုးစပါးအတွက် ဓာတ်မြေဩဇာကို မေလလယ်ပိုင်းတွင် အချိန်မီ ထုတ်ချေးပေးနိုင်ရန် လိုအပ်ကြောင်း၊ သို့မှသာ အသုံးဝင်မည်ဟု တောင်သူများက ပြောသည်။

ပြီးခဲ့သည့် နွေစပါးစိုက်ရာသီတွင် တောင်သူများကို ဓာတ်မြေဩဇာများ ထောက်ပံ့သည့်အတွက် စိုက်ပျိုးမှုနှုန်းများ တိုးလာသည့်အပြင် စပါးအထွက်နှုန်းများလည်း တိုးလာကြောင်း၊ ထို့နောက် ယခုနှစ်တွင် နွေစပါးဈေးနှုန်း ကောင်း မွန်သည့်အတွက် တောင်သူများ အကျိုးအမြတ် ရရှိခဲ့ကြောင်း သိရသည်။

ယခု မိုးစပါးတွင်လည်း ဓာတ်မြေဩဇာကို ထောက်ပံ့စေလိုကြောင်း၊ ယခုကဲ့သို့ နှစ်စဉ် ထောက်ပံ့ပေးမည်ဆိုပါက လာမည့် ၂ နှစ်တာ ကာလအတွင်း တောင်သူများတွင် ဖြစ်ပေါ်နေသည့် ကြွေးမြီပြဿနာများ ပြေလည်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

စိုက်ပျိုးရေးခင်းကိုတွေ့ရစဉ်

၎င်းက “နွေစပါးမှာ အဲဒီလို ထောက်ပံ့လို့ လယ်သမားတွေ ခံသာသွားတာပေါ့။ သူက ဘယ်လိုလဲဆိုတော့ ၁ အိတ် ကို ၁ သိန်းနဲ့လေ၊ သူက စပါးပေါ်မှ ပြန်ပေးရတဲ့ အခါကျတော့ အတိုးမရှိတဲ့ အခါကျတော့ လယ်သမားတွေ တောင်သာ သွားတာပေါ့။ နှစ်တိုင်း အဲဒီလိုလေး ထောက်ပံ့ပေးမယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ်၊ အစိုးရကဖြစ်ဖြစ် လယ်သမားကို အဲဒီလိုလေး လုပ်ပေးမယ်ဆိုရင်တော့ နောက်နှစ်နှစ်ပဲ၊ အကြွေးမြီတွေလည်း၊ စိုက်ဘဏ်ကြွေးမြီ တွေ၊ လယ်သမားတွေ နည်းနည်းတော့ ကြွေးမြီလည်း ကျေပြီးတော့ ထူထောင်လိမ့်မယ်လို့ ထင်တယ်။ မိုးစပါး အတွက်ကို ၆ လပိုင်း ၁၅ ရက် နောက်ဆုံးဖြင့် ထောက်ပံ့မယ်ဆိုလည်း မကုန်ခင် ထောက်ပံ့မှ အဆင်ပြေမယ်” ဟု ပြောသည်။

နွေစပါးစိုက်ပျိုးချိန်တွင် ဓာတ်မြေဩဇာကို ၁ ဧကလျှင် ၂ အိတ်နှုန်းဖြင့် ထုတ်ချေးပေးခဲ့သော်လည်း မိုးစပါးသည် နွေစပါးကဲ့သို့ ဓာတ်မြေဩဇာ များစွာ မလိုအပ်သည့်အတွက် ၁ ဧက ၁ အိတ်နှုန်းဖြင့် ထောက်ပံ့ပေးရုံဖြင့် အဆင်ပြေ နိုင်သည်ဟု တောင်သူများက ပြောသည်။

ဓာတ်မြေဩဇာ အများအပြား အသုံးပြုရန် မလိုသည့် ပေါ်ဆန်းမွှေးစပါး အများအပြား စိုက်ပျိုးရာ ဒေသများဖြစ် သည့် ဘိုကလေးမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဒေးဒရဲမြို့နယ်များသည် ဓာတ်မြေဩဇာ ထောက်ပံ့မှု မလိုအပ်ကြောင်း သိရသည်။

သို့သော်လည်း ဇလွန်၊ ဟင်္သာတ၊ အင်္ဂပူ၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ ဓနုဖြူ၊ ကျုံပျော်၊ ရေကြည်၊ ကျောင်း ကုန်း၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များသည် ဧည့်မထစပါး စိုက်ပျိုးကြသည့်အတွက် ဓာတ်မြေဩဇာကို မဖြစ်မနေ အကြွေးစနစ်ဖြင့် ထုတ်ရောင်းပေးရန် လိုအပ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။