CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၅

အိမ်ခြံမြေ အရောင်းအဝယ်စျေးကွက်တွင် တိုက်ခန်းဝယ်ယူသူများသည် ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျ စနစ်ဖြင့် ဝယ်ယူမှု ပိုမိုများပြားလာကြောင်း အိမ်ခြံမြေ အကျိုးဆောင် ဦးဇေယျာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုဆိုရင် တိုက်ခန်းတစ်ခန်း ငှားနေရင် နှစ်သိန်းရှိတယ်။ ဘဏ်ကို တစ်လကို သုံးသိန်းလောက် သွင်းရမယ်ဆိုရင် ဝယ်တဲ့သူအနေနဲ့ကျတော့ နောင်ငါးနှစ်နဲ့ ရှစ်နှစ်လောက်ဆိုရင် ဒီတိုက်ခန်းကို ပိုင်သွား ပြီ။ အဲလိုမျိုး တွက်ပြီးတော့ ဝယ်ကျတာပေါ့။ အဓိကကတော့ လူလတ်တန်းစားတွေ များတယ် higher perchance နဲ့ ဝယ်တာ။ အာမခံ လူနှစ်ယောက်လိုတယ်။ အဲဒီအာမခံ လူနှစ်ယောက်ကလည်း ပိုင်ဆိုင်မှု သေချာခိုင်မာတဲ့သူပေါ့ အိုးပိုင်အိမ်ပိုင်ရှိတဲ့သူက အာမခံပေးရတယ်”ဟု ပြောသည်။

တိုက်ခန်းများကို အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီများနှင့် ဆက်သွယ်၍ ဘဏ်နှင့်ချိတ်ဆက် ဝယ်ယူကြ ခြင်း ဖြစ်ကြောင်း၊ ကနဦးအနေဖြင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပေးသွင်းရခြင်း ဖြစ်သည်။

ရန်ကုန်မြို့ပြကို တွေ့ရစဉ်

ဘဏ်နှင့်ချိတ်ဆက် တိုက်ခန်းဝယ်ယူရန် များသောအားဖြင့် အိမ်ထောင်စုတစ်ခုတွင် အနည်းဆုံး လစဥ် ဝင်ငွေ ၁၀ သိန်း ပြနိုင်ရန် လိုအပ်ကြောင်း၊ ရိုးရိုးတိုက်ခန်းအတွက် အနည်းဆုံးသုံးနှစ်မှ အများဆုံး ဆယ်နှစ်အထိ၊ ကွန်ဒိုတိုက်ခန်းများအတွက် အနည်းဆုံး ငါးနှစ်မှ အများဆုံး ၂၀ နှစ်အထိ အရစ်ကျ ပြန် လည်ပေးသွင်းနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် အသိုင်းအဝိုင်းမှ သိရသည်။

ထို့ပြင် တိုက်ခန်းများကို ပြင်ပ အဆက်အသွယ်များနှင့် ဝယ်ယူခြင်းထက် ဘဏ်နှင့် ချိတ်ဆက် ဝယ်ယူ ခြင်းက ပိုမို အဆင်ပြေသကဲ့သို့ မြေရှင်များနှင့်လည်း ပဋိပက္ခဖြစ်စရာ မရှိတော့ဟု အိမ်ခြံမြေ အကျိုး ဆောင် ဦးဇေယျာက ပြောသည်။

၎င်းက “ဝယ်လည်းဝယ်ကြတယ် တိုက်ခန်းက ဇယားနည်းနည်း ရှုပ်တာပေါ့။ ကိုယ်ဝယ်ပြီး သွားလို့ရှိရင် ပြန်ရောင်းတာ ဖြစ်ဖြစ်၊ ပြန်ငှားတာဖြစ်ဖြစ် အချို့ လောဘကြီးတဲ့ မြေရှင်တွေဆိုရင် ငှားတာတောင် ခု 1 percent တောင်းနေတယ်။ အရောင်းကို 2 percent တောင်းတယ်။ အချို့ဆိုရင် လောဘကြီးပြီး 3 percent တောင်တောင်းတယ်”ဟု ပြောသည်။

အထပ်မြင့် ဆောက်လုပ်နေသော လုပ်သားတစ်ဦးကိုတွေ့ရစဉ်

လက်ရှိ အနေအထားအရ တိုက်ခန်းဝယ်ယူရန် အိမ်ရာချေးငွေ ထုတ်ပေးသည့် ဘဏ်များမှာ KBZ Bank၊ AYA Bank၊ Yoma Bank၊ CB Bank၊ A.G.D Bank တို့ဖြစ်ကြောင်း သိရသည်။

ချေးငွေ အတိုးနှုန်းများ အနေနှင့် တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ယခုအခါ ဗဟိုဘဏ်မှ ကြေညာထားချက်အရ ၁၂. ၅ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

ထို့နောက် ဆောက်လုပ်ပြီးစီးသည့် တိုက်ခန်းကို ကနဦးငွေ ပေးသွင်းပြီးပါက တက်ရောက် နေထိုင်နိုင် သော်လည်း တိုက်ခန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို သက်ဆိုင်ရာဘဏ်မှ သိမ်းဆည်းထား ခြင်းဖြစ်ကြောင်း သိရသည်။