CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

ဂျပန်နိုင်ငံ အကူအညီဖြင့် တည်ဆောက်နေသည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင် မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃)သည် လက်ရှိတွင် ၉၀ ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီဖြစ်သည့်အတွက် ယင်းတံတားကြောင့် သန်လျင်အိမ်ခြံမြေဈေးနှုန်းသည်လည်း ၂ ဆကျော် မြင့်တက်လာသည်ဟု သန်လျင်အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

သန်လျင်တံတား အမှတ် (၃) ပြီးစီးမှု အခြေအနေများကြောင့် သန်လျင် အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ် ပိုဖြစ်နေပြီး ယခင်က သိန်း ၃ ထောင်ကျော်ရှိသည့် မြေကွက်သည် လက်ရှိတွင် သိန်း ၇ ထောင်ကျော် ဖြစ်ပေါ်နေ သည်ဟု ဂျူးဂျူး အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ ဒေါ်ဂျူးဂျူးက CNI သတင်းဌာနသို့ ပြောသည်။

“ဒီတံတားကြောင့် ပိုပြီးရောင်းရတာ၊ အခု တခြားနေရာတွေမှာ လာဝယ်တဲ့သူတွေက သိပ်ပြီး အရောင်းအဝယ် မဖြစ်ဘူးတဲ့၊ သန်လျင်က ပိုဖြစ်နေတယ်ပေါ့နော်။ အစ်မတို့တောင်မှ ဒီလထဲ ၄/၅/၆ ပွဲ ရတယ်ပေါ့နော်။ အရောင်း အဝယ် ဖြစ်တယ်ပေါ့။ နောက်ပြီးကျတော့ သန်လျင်မြေက တခြား မြောက်ဒဂုံတို့လို့ တခြားနေရာတွေထက်စာရင် ဈေးက နည်းနည်း နိမ့်သေးတယ်ပေါ့နော်။ သန်လျင်က ဈေးနည်းနည်း နိမ့်သေးတဲ့အတွက် သန်လျင်ကို လာ ဝယ်တာများတာ။ မရှုံးကြဘူး၊ ဈေးလည်း နည်းနည်းတက်သွားတယ်။ အရင်တုန်းက ၃ ထောင်ကျော်ဟာက အခု ပြန်ရောင်းတာ ၇ ထောင်ကျော် ပြန်ရတယ် ပေလည်းကျယ်တော့ ပေ ၈၀ - ၆၀ ပေါ့။ မြင့်သွားလည်း လာဝယ်တဲ့ သူတွေက သူ့ဟာသူ ရှိနေတာပဲ။ ၃ ထောင်ကတော့ အရင် ၇ လ၊ ၈ လလောက်၊ မိုင်ကုန် ၁၀ လလောက်ပေါ့။ အဲဒီ လောက်က ၃ ထောင်က အဲဒီတုန်းက တံတားက စတော့စနေပြီ ဒါပေမယ့် မပြီးသေးဘူး၊ အဲဒီတုန်းက ၃ ထောင် ကျော်က အခုတော့ ၇ ထောင်ကျော်ပေါ့နော်။ ကိုယ်ကိုယ်တိုင်ပဲ ဝယ်ပေးတာ။ ၃၁၅၀ နဲ့ ဝယ်ပေးလိုက်တာ၊ အခု တော့ သူက အဆက်ကလည်း ၂ ဦး ၃ ဦးလောက် ပြောင်းသွားတာပေါ့။ နောက်လူ နောက်လူမှာ ၇ ထောင်ကျော် ဖြစ်သွားတာ။ ပြန်ရောင်း၊ ပြန်ရောင်းက ၂ ဆက်လောက် ဖြစ်သွားတော့ ၇ ထောင်ကျော် ဖြစ်သွားတယ်” ဟု ပြောသည်။

သန်လျင်မြို့လယ်ခေါင်ရှိ နာရီစင်

ပါမစ်မြေ၊ စလစ်မြေ၊ ဂရန်မြေများဖြစ်သည့် အောင်ချမ်းသာ၊ မြို့မဈေး၊ မြို့ဟောင်း ရပ်ကွက်နှင့် မြို့ပြင်ဘက်တွင် အရောင်းအဝယ် ပိုဖြစ်နေပြီး အိမ်နှင့်ခြံ ပေ ၂၀ - ၆၀ တစ်ကွက်လျှင် သိန်း ၁ ထောင်မှ သိန်း ၆ ‌ထောင်အထိ ရှိကြောင်း သိရသည်။

ယခုနှစ် သန်လျင်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်သည် ပြီးခဲ့သည့်နှစ်ထက် ဈေးနှုန်းမြင့်တက်သည့်အပြင် အရောင်းအဝယ်လည်း ပို၍ ဖြစ်နေကာ သန်လျင်မြို့နယ်၏ အဓိက အချက်အခြာကျသည့် အောင်ချမ်းသာ ရပ်ကွက်တွင် အရောင်းမြေများ မရှိသလောက် ဖြစ်ပေါ်နေသည်ဟု သိရသည်။

ဥယျာဉ်ခြံမြေနှင့် လယ်မြေများသည် အရောင်းအဝယ်နည်းသော်လည်း ယင်းမြေများသည် ငွေကျပ် သိန်း ၂၀၀ မှ သိန်း ၃၀၀ ခန့် ရှိသည့်အတွက် ငွေကြေးပမာဏ အနည်းငယ်သာ တတ်နိုင်သည့် သူများက ဝယ်ယူမှု ရှိနေသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

သန်လျင်မြို့အထင်ကရ ကျိုက်ခေါက်ဘုရားစေတီတော်

သန်လျင်မြေသည် တခြားသော မြို့နယ်များကဲ့သို့ ဂရန်မြေ ရှားပါး၍ ပါမစ်မြေနှင့် စလစ်မြေ များပြားခြင်းကြောင့် ကျွမ်းကျင်သည့် ရှေ့နေများဖြင့် မြေစာရင်းရုံးတွင် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို စနစ်တကျ စစ်ဆေးပြီးမှသာ ဝယ်ယူရန် လိုအပ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သည့် ဒေါ်မျိုးသွယ်က CNI သတင်းဌာနသို့ ပြောသည်။

“ဝယ်မယ့်သူတွေ သတိထားရမယ့်အချက်ကတော့ မြေအမျိုးအစားပေါ့၊ မြေအမျိုးအစားက ဂရန်၊ ပါမစ်၊ စလစ်ပေါ့ အဲဒီမြေအမျိုးအစားကကျတော့ တကယ်လို့ ကိုယ်ဝယ်ပြီဆိုလို့ရှိရင် မြေစာရင်းရုံးကို သွားပြီးတော့ မဝယ်ခင် ကျမ တို့ သေချာစစ်ဆေးတယ်၊ သန်လျင်မှာ ကျွမ်းကျင်ရှေ့နေကို ခေါ်ပြီးတော့‌ မြေစာရင်းရုံးမှာ သေချာစစ်ဆေးပေါ့ နော်။ ပါမစ်၊ စလစ်၊ ဂရန်ဆိုတော့လေ မြေအမျိုးအစားက တခြားနေရာတွေနဲ့ မတူဘူး။ မြောက်ဒဂုံမှာဆိုရင် ဂရန်ပေါ့၊ သန်လျင်မှာကျတော့ ဂရန်က နေရာတိုင်းမှာ မရှိဘူး။ ပါမစ်ရှိတယ်၊ စလစ်ရှိတယ်၊ အဲဒီအခါကျတော့ မြေစာရင်းရုံးမှာ သေချာစစ်ဆေး၊ ရှေ့နေဘာညာနဲ့ စစ်ဆေးပြီးခါမှ ဝယ်ယူသင့်တယ်ပေါ့နော်။ ဈေးတွေကလည်း မြင့်လာပြီဆိုတော့ အမှားလေးတွေ မပါအောင်ပေါ့နော်” ဟု ပြောသည်။

တံတားစီမံကိန်း ပြီးစီးပါက လက်ရှိ တံတားအမှတ် (၁)တွင် ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှုများလည်း ပြေလည်သွားမည်ဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးသည်လည်း ကောင်းမွန်လာမည်ဖြစ်ကာ သန်လျင် မြို့နယ်ရှိ သီလဝါ အထူးစီးပွားရေးဇုန်သို့ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများလည်း လာရောက် ရင်းနှီး မြှုပ်နှံမှုများ တိုးလာမည်ဖြစ်သည်။