CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂

ဘတ်ဈေးများမြင့်တက်နေသော်လည်း ဘန်ကောက်၌ မြန်မာနိုင်ငံသားများ၏ ကွန်ဒို ဝယ်ယူ၊ ငှားရမ်းမှုများမှာ လျော့မသွားသည့်အပြင် ပြီးခဲ့သည့် ၂ နှစ်ထက် ပိုမိုများပြားလာကြောင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုအရောင်းအဝယ်၊ အငှားဈေးကွက် လုပ်ကိုင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ကွန်ဒိုများအားရောင်းချမှု များပြားနေသည့်အတွက် ဝယ်ယူမှုနှင့် ငှားရမ်းမှုသည် ယခု ၃ လအတွင်း ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ဘန်ကောက်တွင် ကွန်ဒို အရောင်းအဝယ်နှင့် အငှားလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ကွန်ဒိုတွေက အခုက လူတွေအရမ်းရောင်းတော့လေ အငှားတွေတော့လည်း ဖြစ်ပါတယ်။ အရောင်းတွေလည်း တော်တော်ဝယ်ကြတယ် အရမ်းကြီးကို တက်တဲ့ပုံစံပေါ့။ အခုဒီကာလမှာတော့ အရမ်း ကွန်ဒိုတွေ ဝယ်ကြတယ် ပေါ့။ အခုတော့ အရမ်းတော့ တက်နေတယ်ပေါ့နော်။ မြန်မာကတော့ တော်တော် ဒီနှစ်ပေါ့နော် ဒီနှစ်လေးအတွင်း မှာ တော်တော်တက်သွားတယ်။ ရုတ်ရက်ကြီးကို တက်သွားတာပေါ့။ ကြိုပွိုင့်တွေလည်း ဝယ်ကြတာပေါ့။ ကြိုပွိုင့် တွေဆိုတော့ ဘယ်လောက်မှ မပေးရဘူး။ သိန်း ၇၀၀ လောက်ပဲ သွင်း၊ ဒါတော့ သူပေါ်တဲ့ depends ပေါ့လေ။ သူတို့သုံးတဲ့အပေါ်မှာ နေရာနဲ့မူတည်ပြီးတော့ ကြိုပွိုင့်ငွေသွင်းတာလေးတွေတော့ ကွာတယ်ပေါ့။ ဘတ်ဈေးတက် တာ၊ ကျတာနဲ့တော့ မဆိုင်ဘူး။ သူတို့ကတော့ ကျောင်းတွေလည်း လာပြောင်းကြတဲ့သူတွေလည်း ပိုတောင်များ သေးတယ်။ အခုကတော့ လူတွေက အကုန်လုံးဝယ်နေကြတာပဲ။ အကုန်လုံးဝယ်ကြတယ်။ သင်္ကြန်ကာလတွေ လည်း ဝယ်ကြဦးမှာပါပဲ။ တက်လာဖို့ပဲ ရှိတယ်ပေါ့။ နိုင်သလောက်လေးတွေ ဝယ်နေကြတာပေါ့ ဒီရက်ထဲမှာ ဆိုရင်” ဟု ၎င်းက ပြောသည်။

ဘန်ကောက်ကွန်ဒိုအရောင်းပြပွဲတစ်ခုမှ ကွန်ဒိုပုံစံအဆောက်အဦးငယ်

မြန်မာနိုင်ငံသားများအနေဖြင့် ကွန်ဒိုဝယ်ယူကြသည့်အခါတွင် ပြန်လည်ငှားရမ်းကြခြင်းများရှိသော်လည်း နည်းပါးကြောင်း၊ တရုတ်နိုင်ငံသားများမှာမူ ကွန်ဒိုတစ်ခုတွင် အခန်း ၃ ခန်းခန့်ဝယ်ယူကာ ပြန်လည်ငှားရမ်းကြ ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၀ ခုနှစ်၌ မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုသည် အခန်း ၂၀ ခန့်သာရှိခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် ၅၄ ခန်း၊  ၂၀၁၈ ခုနှစ်တွင် ၄၈ ခန်း ဝယ်ယူခဲ့ကြောင်း ထိုင်းအစိုးရပိုင်ဘဏ်တခုဖြစ်သည့် Government Housing Bank ၏ The Real Estate Information Center (REIC) ဖော်ပြချက်အရ သိရသည်။

ကွန်ဒိုအရောင်းအဝယ်၊ အငှားဈေးကွက် လုပ်ကိုင်နေသူများ၏ ပြောပြချက်အရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများပြားလာပြီး ဘန်ကောက်၌ ကွန်ဒို၊ အိမ်များ အဝယ် လိုက်လာမှု များပြားလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မြို့ပြမြင်ကွင်း

ကွန်ဒို အရောင်းအဝယ်နှင့် အငှားလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “အငှားလေးတွေကြတော့ အမတို့က ဈေးနည်းတာလေးတွေ မလုပ်ဘူးပေါ့။ ဈေးနည်းတာလေးတွေကတော့ သူ့ဘာသာနဲ့သူ ရှိမှာပေါ့။ အမတို့က ကြတော့ ဘတ် ၁ သောင်းခွဲ၊ နှစ်သောင်းလောက်ကနေ စလုပ်တော့ အဲဒီလိုမျိုးလေးတွေတော့ ရှိပါတယ်။ ကလေးကျောင်းတက်တဲ့သူတွေပေါ့၊ ဆေးရုံပြမယ့်လူတွေ လာကြပါတယ်။ အရောင်းတွေကတော့ သိန်း ၂၀၀၀ လောက်ကနေ စတယ် ဗမာငွေပေါ့။ ဝယ်တယ် ဝယ်တယ် ဝယ်ကြတယ်။ ကြိုပွိုင့်တွေလည်း ဝယ်ကြတယ်။ ဒါပေမယ့် ဘန်ကောက်မှာကတော့ ဈေးတွေက ပွဲစားတွေကလည်း အေးဂျင့်တွေကလည်း အများကြီးဆိုတော့ အများကြီးပေါ့နော်။ အမတို့ကတော့ အခုနောက်ပိုင်းအငှားလေး ပိုလုပ်တဲ့အတွက် ဝယ်တဲ့သူတွေလည်း ရှိပါတယ်။ ဝယ်တဲ့သူတွေလည်း သိန်း တစ်သောင်းကျော်လောက်အထိ ဝယ်တယ်ပေါ့။ အိမ်တွေလည်း ဝယ်တဲ့သူတွေ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ် တစ်နှစ်လုံးတွင် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းတွင် ကွန်ဒိုအခန်းပေါင်း ၃၄၉ ခန်းဝယ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဧပြီ လေးလတာအတွင်း၌ ကွန်ဒိုအခန်း‌ပေါင်း ၇၆ ခန်းဝယ်ယူထားကြောင်း REIC မှ ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ မြို့ကြီးများတွင် တန်ဖိုးမြင့် အိမ်၊ ခြံ၊ မြေများအား ဝယ်ယူမှု ထိပ်တန်းအများဆုံး နိုင်ငံများစာရင်းတွင် တရုတ်၊ ရုရှားတို့ပြီးနောက် မြန်မာသည် တတိယနေရာတွင် ရှိနေပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း ထိုင်းဘတ်ငွေ ၂ ဒသမ ၂၅ ဘီလီယံခန့်အထိ သုံးစွဲထားကြောင်း သိရသည်။