CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၅

မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကွန်ဒိုများကို ဝယ်ယူမှုနှင့် ငှားရမ်းမှုများသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထက် ပိုမိုများပြားလာကြောင်း ဘန်ကောက်ကွန်ဒိုလုပ်ငန်း လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။

ဒါ့အပြင် ကွန်ဒိုအရောင်းပြပွဲများ ရှိပါက ပိုမိုရောင်းချရပြီး အရောင်းပြပွဲမရှိပါကလည်း ပုံမှန် ဝယ်ယူမှုများ ရှိနေကြာင်း ဘန်ကောက်ကွန်ဒို ရောင်းချသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“မနှစ်ကထက်စာရင်တော့ တက်တယ်ပေါ့နော်။ ပုံမှန်ဆိုရင် အရင်နှစ်ကတော့ အဲဒီလောက် တစ်လကို သိပ် မရောင်းရဘူးပေါ့။ ဒီနှစ်ပိုင်းမှာဆိုရင် ပုံမှန် ပွဲမရှိတဲ့အခါဆိုရင် တစ်လကို ၅ ခန်းလောက်ရောင်းရတယ်။ ပုံမှန် ပွဲရှိတဲ့အခါဆိုရင်လည်း တစ်လကို ၁၅ ခန်းလောက် ရောင်းရတယ်။ ခန့်မှန်းဈေးနှုန်းအနေနဲ့ဆိုရင်တော့ သိန်း ၂၅၀၀ ဝန်းကျင်လောက်ကနေပြီးတော့မှ သိန်း ၈၀၀၀ ဝန်းကျင်လောက်အထိ ဝယ်ပါတယ်။ ဒီနှစ်ထဲမှာမှ နောက် လပိုင်းလေးပဲပေါ့နော်။ ၅ လပိုင်းအကျော် လောက်ကစတာပေါ့ ဒီနှစ်ထဲမှာဆိုရင်။ အဝယ် အရမ်းတက်တယ် ၇ လပိုင်း ကျော်ကနေ စပြီးတော့လေ။ ပုံမှန်ပဲ ပရိုမိုးရှင်းကိုလည်း သီးသန့်ကြီးပေးထားတာ မရှိဘူး။ ပုံမှန်အတိုင်းပဲ ရောင်းတာ။ အဲဒါကိုမှ ကျပ်ငွေတန်ဖိုး ကျသွားတာနဲ့ပတ်သက်ပြီးတော့မှ ဘန်ကောက်က ကွန်ဒိုတွေကတော့ အဝယ်လိုက်တဲ့အထဲမှာ ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသားများသည် ကျပ်ငွေတန်ဖိုး ကျဆင်းမှုများကြောင့် ငွေသားကို လက်ဝယ်မထားရှိချင်ကြသဖြင့် ယခုကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ကွန်ဒိုများအား အဝယ်လိုက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

ကွန်ဒိုအရောင်းပြခန်းများသို့ လာရောက်လေ့လာသူများ

ကျပ်ငွေတန်ဖိုး ယခုထက်ပိုမိုပြီး ဆက်လက်ကျဆင်းနေဦးမည်ဆိုပါက ထိုင်းနိုင်ငံ၌ ကွန်ဒိုဝယ်ယူကာ ရင်းနှီး မြှုပ်နှံခြင်းများ ပိုမိုရှိလာဦးမည်ဖြစ်ကြောင်းလည်း ဘန်ကောက်ကွန်ဒိုရောင်းချသူများက သုံးသပ်ကြသည်။

လက်ရှိတွင် ဘန်ကောက်၌ ကွန်ဒိုများအား ရောင်းချရာတွင် ဝယ်ယူမှုများပြားသည့် ကုမ္ပဏီရှိသကဲ့သို့ ဝယ်ယူမှု နည်းပါးသည့် ကုမ္ပဏီများလည်းရှိပြီး ၎င်းကုမ္ပဏီများသည် ကွန်ဒိုငှားရမ်းခြင်းဘက်သို့ ပြောင်းရွှေ့ လုပ်ကိုင်နေ ကြကြောင်းလည်း သိရသည်။

ထိုသို့ ဘန်ကောက်ရှိ ကွန်ဒိုများအား ငှားရမ်းခြင်း ပြောင်းလဲလုပ်ကိုင်ရာတွင် မြန်မာနိုင်ငံသားများနှင့် တရုတ် နိုင်ငံသားများ၏ ငှားရမ်းမှုမှာ များပြားကြောင်း Bangkok-Myanmar Property and Life Style မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“နောက်ပိုင်း အမတို့ကလည်း အငှားဘက်ကိုသွားနေတော့ အရောင်းကို သိပ်မလုပ်ဖြစ်ဘူး။ ငွေလွှဲတဲ့ Percentage တွေလည်း များနေတော့လေ အဲဒီလိုဖြစ်နေတယ်။ ဘန်ကောက်မှာ အခု ကွန်ဒိုငှားပေးနေတာပေါ့နော်။ monthly တော့ သိပ်မရဘူး။ ခြောက်လ တစ်နှစ်ပေါ့ အဲဒီလိုမျိုးတွေက ပိုပြီးတော့ အခု အငှားလိုက်တယ်။ အရောင်းတွေ လည်း ရှိတော့ရှိတယ်။ မြန်မာနိုင်ငံသားတွေက တချို့တွေကြတော့လည်း ကလေးတွေ ကျောင်းလာတော့ အစောပိုင်းတွေကတော့ အရမ်းဝယ်ကြတယ်လေ။ နောက်ပိုင်းကြတော့ သူတို့ ငှားလာကြပြန်ပြီ။ အငှားတွေ ကတော့ ငှားနေရတာပဲ။ ဘတ် ၈၀၀၀ လောက်ကနေစပြီးတော့ ဘတ် သုံးသောင်းခွဲ၊ လေးသောင်း၊ ခြောက် သောင်း၊ တစ်သိန်းပေါ့နော်။ အိမ်တွေအထိလည်း ရှိတယ်။ ငှားရမ်းမှုကတော့ တစ်လကို နှစ်ယောက်၊ သုံးယောက် လောက်တော့ ပုံမှန်လေး ငှားနေတယ်။ ကွန်ဒိုပဲ အိမ်တွေ ဘာတွေ ငှားတဲ့သူတော့ မရှိသေးဘူးပေါ့” ဟု ၎င်းက ပြောသည်။

ဘတ်ငွေ ရှစ်ထောင်တန် ကွန်ဒိုမှာ အခန်းတစ်ခန်းစာသာရှိသဖြင့် မြန်မာနိုင်ငံသား အများစုသည် မိသားစုလိုက် လာနေသည့်အတွက် ဘန်ကောက်ရှိ ကွန်ဒိုများငှားရမ်းရာတွင် ဘတ်ငွေ တစ်သောင်းခွဲ ဝန်းကျင်ခန့်မှ စတင်ကာ အများဆုံး ငှားရမ်းကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသားများသည် ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ထိုင်းနိုင်ငံ၊ ချင်းမိုင် တစ်မြို့တည်းမှာတင် တိုက်ခန်းပေါင်း ၁၈၈ ခန်း ဝယ်ယူထားကြောင်း၊ တန်ဖိုးအားဖြင့်ဆိုပါက ဘတ်ငွေတန်ဖိုး ၁ ဒသမ ၃၄ ဘီလီယံ ရှိကြောင်း စီးပွားရေးနှင့် ဈေးကွက်စောင့်ကြည့်ရေးစာစောင် Thai Enquirer က ရေးသားဖော်ပြထားသည်။