CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၅

ပြီးခဲ့သည့် ရက်ပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လမ်းပိုင်းပျက်စီးသွားသည့် အတွက် လက်ရှိမှာတော့ မြဝတီသို့ တောင်ပေါ်လမ်းဟောင်းမှ သွားလာခွင့်ပြုထားသည့်တိုင် ကုန်တင်ကားများ သွားရန် အဆင်မပြေဖြစ်နေကြောင်း သိရသည်။

တောင်ပေါ်လမ်းဟောင်းကို အတက်/အဆင်း တစ်ရက်စီ သတ်မှတ်ပေးထားကြောင်း၊ သို့သော်လည်း ထိုလမ်း ဟောင်းသည် ကုန်တင်ကားများ သွားလာရန် အဆင်မပြေကြောင်း၊ အိမ်စီးကားနှင့် ခရီးသည်တင်ကား အသေးများ သာ သွားလာ၍ရကြောင်း ကုန်သည်များက ပြောသည်။

လက်ရှိတွင် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ပျက်စီးသွားခြင်းကြောင့် မြဝတီသို့ ကုန်စည်ပို့ဆောင်နေ သည့် ကုန်ကားတချို့သည် လမ်းပိုင်း၌ ပိတ်မိနေကြောင်း၊ ထို့နောက် ကုန်ကားပေါ်တွင် ပါလာသည့် အာလူးနှင့် ကြက်သွန်ကဲ့သို့ ပုပ်သိုးလွယ်သည့် ကုန်များကို ရောက်ရှိနေသည့် နေရာတွင်ပင် ရောင်းချလိုက်ရကြောင်း မြန်မာ နိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြော သည်။

 မြဝတီကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်

၎င်းက “လမ်းဟောင်းကတော့ အန္တရာယ် အရမ်းများတယ်။ လမ်းက တော်တော်လေးလည်း ပြန်ပြီးတော့ သစ်ပင် တွေနဲ့ လမ်းကမကောင်းဘူး။ တချို့နေရာတွေဆိုရင် ကားဘီးနဲ့ ကွက်တိပဲ ချောက်ကမ်းပါးတွေက။ တော်ရုံတန်ရုံ မသွားလောက်တော့ဘူး။ နောက် မိုးတွင်းကြီးလည်း ဖြစ်နေတယ်။ အခု သူတို့တွေ ၁၀ ရက်နေ့လောက်မှာ သူတို့ လမ်းလွှဲ လုပ်နေတာတွေ့တယ်။ လမ်းလွှဲလုပ်တော့ မိုးလေဝသကောင်းမယ်ဆိုရင် ၁ လလောက် ပြီးမယ်ဆိုပြီး တော့ မှန်းတာပေါ့နော်။ ဒါပေမယ့် ရာသီဥတု အခြေအနေနဲ့ မိုးများမယ်။ အောက်ရေတိုးရင်တော့ အဆင်မပြေဘူး။ အခုလမ်းမှာ ပိတ်မိနေတဲ့ ကားပေါ်က အာလူးတို့၊ ကြက်သွန်တို့၊ ပြောင်းတို့တောင်မှ အဆင်ပြေသလို ချပြီးတော့ အာလူးတို့၊ ကြက်သွန်တို့ ပုပ်ကုန်ဆိုရင် ပုပ်သိုးလွယ်တဲ့ ပစ္စည်းတွေဆိုရင် ချပြီးတော့ ရောင်းရတဲ့ အဆင့်တွေ တောင် လုပ်နေရတယ်။ စားသောက်ကုန်ကတော့ ကြည့်ကြပ် လုပ်ရတာပေါ့။ ကားလေးတွေတော့ သွားလို့ရတာ ပေါ့။ ကားကြီးတွေကျတော့ သွားရတာ နည်းနည်းခက်တယ်” ဟု ပြောသည်။

လက်ရှိတွင် ပျက်စီးသွားသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ယာယီတံတား တည်ဆောက်မှု စတင်နေ ပြီးဖြစ်သော်လည်း အချိန်အားဖြင့် ၁ လခန့် ကြာမြင့်နိုင်သည်ဟု ခန့်မှန်းနေကြသည်။

ထို့နောက် မြဝတီသို့ သွားရန် မလွယ်ကူသည့်အတွက် ပြည်ပပို့ကုန်များကို တနင်္သာရီတိုင်းဒေသကြီးရှိ မောတောင် နယ်စပ် ကုန်သွယ်ရေးမှတဆင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်နိုင်ရန် ကုန်သည်များက စဉ်းစားနေကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ်သွား လမ်းကိုတွေ့ရစဉ်

မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် ကုန်စည်များ ပို့ဆောင်မည်ဆိုပါက ကုန်ကျစရိတ်များ မြင့်တက် လာမည် ဖြစ်သည့်အတွက် ကုန်သည်များအနေဖြင့် အခက်တွေ့နေကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံသို့ တင်ပို့နေ သည့် ပြောင်းဆံများသည် ဈေးနှုန်းများ ကျဆင်းလာနေသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ် ဘယ်ကသွားနေလဲဆိုတော့ လောလောဆယ် ဘယ်ကသွားနေမှန်းတောင် မသိတော့ ဘူး။ ထားဝယ်ဘက်ကနေ မောတောင်ဘက်နေ သွားဖို့တို့ ဘာတို့တော့ ဒါတွေက ကြိုးစားဆဲပဲ ရှိပါသေးတယ်။ တော်တော်များများကျတော့ ဘယ်ကနေမှ မသွားကြသေးတာလည်း ရှိပါတယ်။ လမ်းကြောင်းလေးတွေ စဉ်းစား ကြတုန်းပဲ ရှိပါသေးတယ်။ အခုက လမ်းကလည်း နောက်ထပ် ၃၊ ၄၊ ၅ ရက်လောက်ဆို ပြီးကောင်းပြီးနိုင်တယ် ဆိုပြီး ယူဆရတယ်လေ။ ဘေလီတံတား ထိုးတာလည်း ပါတယ်။ ဘေးက ပြိုကျထားတဲ့ တောင်ရဲ့ တောင်ကို ဖဲ့ လိုက်တာပေါ့နော်။ ဖဲ့ပြီးတော့ ပြိုကျထားတဲ့ နေရာကို ကွေးပြီးတော့ အသစ်ပြန်ဖောက်တာတို့လည်း ရှိတယ်။ မြဝတီတောင်တက်လမ်းဆိုတာ လမ်းက ၃ လမ်းရှိတယ်။ အရင်တုန်းကသွားတဲ့ လမ်းဟောင်းပေါ့နော် ကော့ကရိတ်ကနေ သွားတဲ့လမ်းဟောင်း ရှိတယ်။ သပ်သပ်ကို ဟိုဘက်ကနေ သွားတဲ့ တောလမ်းရှိတယ်။ အဲဒီလို လမ်းတွေ သွားကြတာပေါ့။ ဒါပေမယ့် များသောအားဖြင့်တော့ ကော့ကရိတ်ကနေ လမ်းဟောင်းကို သွားကြတာ များပါတယ်။ မြဝတီကို ရည်ရွယ်ပြီးတော့ ဝယ်ဖို့ဆိုတာက ကုန်ကျစရိတ်တွေက အများကြီးဖြစ်သွားတော့ စဉ်းစား ပြီး ဝယ်ရတာပေါ့လေ။ ဘယ်လိုပြောမလဲ ဈေးတွေက ကျတာပေါ့” ဟု ပြောသည်။

မြဝတီသို့ ကုန်စည်များ ပို့ဆောင်ရန် လတ်တလောတွင် အဆင်မပြေသည့်အပြင် လမ်းပိုင်းပျက်စီးနေခြင်းကြောင့် မြဝတီသို့ ရောက်ရှိနေသည့် ကုန်တင်ကားများလည်း ရန်ကုန်နှင့် တခြားသော မြို့နယ်များသို့ ပြန်လာရန်အတွက် အဆင်မပြေမှုများ ရှိနေသည်ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် မြဝတီသို့ ကုန်စည်ပို့ဆောင်မှုများ ရပ်နားနေရပြီး လမ်းပိုင်းပြုပြင်ပြီးချိန်ထိ စောင့်ဆိုင်နေကြသည်ဟု သိရသည်။