CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၆

ဩဂုတ်လဆန်းပိုင်းတွင် မိုးရွာသွန်းမှုများပြီး မြေပြိုကျမှုကြောင့် လမ်းပိုင်းပျက်စီးသွားခဲ့သည့် ကရင်ပြည်နယ်၊ မြဝတီ - ကော့ကရိတ် အာရှလမ်းသစ်ကို ပြုပြင်ပြီးပြီဖြစ်၍ ယနေ့ (ဩဂုတ်လ ၂၆ ရက်)မှစတင်ကာ  ကုန်တင် ကားများအား ဖြတ်သန်းခွင့်ပြုတော့မည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ပျက်စီးသွားသည့် အာရှလမ်းပိုင်းသစ်ကို ပြန်လည်ပြုပြင်ရာတွင် မြေသားလမ်းနှင့် ဘေလီတံတားတစ်ခု တည်ဆောင်ထားခြင်းဖြစ်ပြီး မြေသားလမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ ကတည်းကပင် ခရီးသည် တင်ကားများနှင့် အိမ်စီးကားများကို စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့နောက် ကုန်တင်ကားများအနေဖြင့် ဘေလီတံတားပေါ်တွင် ဖြတ်သန်းသွားကြရမည်ဟု မြန်မာနိုင်ငံ သယ်ယူ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပစ္စည်း စီမံဆောင်ရွက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မိုးက CNI သတင်းဌာနသို့ ပြော သည်။

မြဝတီ-ကော့ကရိတ် အာရှလမ်း ပြင်ဆင်နေစဉ်

၎င်းက “မြေသားလမ်းက ပွင့်နေပြီလေ။ မြေသားလမ်းက Express တို့၊ ကားလေးတွေတို့ သွားလို့ရနေပြီလေ။ အခု က ဘေလီတံတားပေါ်က ဖြတ်ရမှာမို့လို့ ကားကြီးတွေက စောင့်ခိုင်းထားတာလေ။ ကားအသေးတွေနဲ့ Express တွေကတော့ သွားလို့ရနေပြီ၊ သွားနေကြပြီ။ ဒီနေ့တောင် လွှတ်ပေးမယ်လို့ကြားတယ်၊ ၂၈ ရက်နေ့အထိ မနေ တော့ဘူး ဒီနေ့တောင် လွှတ်ပေးဖို့ စီစဉ်နေပြီပေါ့ ပြောတယ်။ ဒါပေမယ့် တကယ်တော့ မထွက်ရသေးပါဘူး ကား ကြီးတွေပေါ့။ ကားလေးတွေတော့ အကုန်သွားလို့ရနေပြီ။ ကားလေးတွေ၊ Express တွေတော့ သွားနေပြီ။ တံတား မှာတော့ နည်းနည်းကျဉ်းမယ်။ ၂ စီး မရနိုင်ဘူးထင်တယ်။ ၁ စီးလောက်ပဲ ရမယ်ထင်တယ်။ တစ်လှည့် စီတော့ သွားရမယ် ထင်တာပဲ” ဟု ပြောသည်။

လက်ရှိတွင် ပြည်ပသို့ တင်ပို့မည့် ပို့ကုန်ကားများနှင့် သွင်းကုန်ကားများသည် သွားလာရန်အတွက် ပြင်ဆင်နေမှု များနေပြီး မြဝတီဒေသအတွက် စားသောက်ကုန် တင်ပို့နေသည့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ကုန်တင်ကား များသည်လည်း ပြင်ဆင်နေပြီ ဖြစ်သည်ဟု သိရသည်။

ဩဂုတ်လ ၇ ရက်နေ့ ကတည်းကပင် ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားခြင်း ဖြစ်သည့်အတွက် မြဝတီ ကုန်သွယ်ရေးဇုန်တွင် သွင်းကုန်များ အမြောက်အမြား ဖြစ်နေကြောင်း၊ ထို့နောက် မြဝတီသို့ တင်ပို့ရန်အတွက် လည်း ရန်ကုန်အပြင် တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ရှိသည့် ကုန်စည်များသည်လည်း စုပြုံနေပြီဖြစ်သည်ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်း ပြင်ဆင်ထားသည်ကို တွေ့ရစဉ်

အာရှလမ်းပိုင်းသစ်ကို ပြန်လည်ဖြတ်သန်းခွင့် ပြုတော့မည်ဖြစ်ခြင်းကြောင့် ကုန်စည်ပို့ဆောင်မှု များပြားသွား နိုင်သည့်အတွက် မြဝတီကုန်သွယ်ရေးဇုန် အဝင်အထွက်တွင် ကြန့်ကြာမှုများ ဖြစ်သွားနိုင်သည်ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“မပို့ရလို့ အောင်းထားတဲ့ ကုန်တွေကတော့ အတက်ရော၊ အဆင်းရော များမှာပေါ့။ အပေါ်မှာလည်းပဲ ဟိုဘက်က ပို့ထားတဲ့ ကုန်တွေက များနေပြီလေ အောက်ကို မပို့ရတော့။ အောက်ကလည်း အပေါ်ကို ပို့ရမယ့် ကုန်တွေက တချို့ဆိုလည်း ဂိုဒေါင်တွေထဲမှာ၊ တချို့ဆိုလည်း ကားပေါ်တွေမှာ၊ လမ်းမှာ ပိတ်မိနေတဲ့ ကားတွေ၊ တချို့ဆို ရက် ၂၀ လောက် ရှိပြီပေါ့နော်။ အဲဒါမျိုးတွေက လမ်းမှာရှိတဲ့ကားတွေပေါ့။ တချို့ကျတော့လည်း အရေးကြီး ကုန်တွေ ကျတော့ ကဲ့သွားကြတာပေါ့။ ကြက်သွန်တို့ ဘာတို့ကျတော့လည်း တခြားကားနဲ့ ပို့လို့ရတော့ ကဲ့သွားကြတာပေါ့ လမ်းဟောင်းနဲ့ပေါ့။ ပြောင်းတို့ဘာတို့ကျတော့ မကဲ့တော့ဘူးပေါ့နော် ကုန်ကျစရိတ်များတာကိုး။ ကြက်သွန်ကျ တော့ ပုပ်သိုးကုန် ဖြစ်နေတဲ့အတွက် ကားတွေနဲ့ ကဲ့ယူကြတယ်။ ပိတ်ဆို့မှု Jammed တော့ မဖြစ်ပါဘူး။ ကား တန်းတော့ များမှာပါ ကား Traffic Jammed နည်းနည်းတော့ ဇုန်အဝင်တော့ ဖြစ်မှာပေါ့။ ဇုန်အဝင်အထွက်တော့ Traffic Jammed နည်းနည်းတော့ ဖြစ်မှာပေါ့။ ဒါပေမယ့်လို့ နောက်ပိုင်းကျရင် သူ့ဟာသူ ပုံမှန်ဖြစ်သွားမှာပါ” ဟု ပြောသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေး၏ အဓိကကျသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့တွင် လမ်းပိုင်းပျက်စီး သွားခြင်းကြောင့် ကုန်သွယ်စီးဆင်းရေး ပြတ်တောက်ခဲ့ရခြင်း ဖြစ်သည်။