CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၇

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းများ လုံးဝ မပြုလုပ်ရန် တော်လှန် ရေး အင်အားစုများက ထုတ်ပြန်ခြင်းအပေါ် ထိုင်းဘက်က ဖိအားပေးလာနိုင်ကြောင်း ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ် အာရှလမ်းမကြီး တစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း၊ အရပ်သား ပြည်သူများအနေဖြင့် ယနေ့ (၇. ၄. ၂၀၂၃) ရက်နေ့မှ ၂၁. ၄. ၂၀၂၃ ရက်နေ့အထိ ဖြတ်သန်း သွားလာ ခြင်း မပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခဲ့သည်။

မန်းအောင်ပြည်စိုးက “ဖြစ်နိုင်ပါတယ်၊ အကယ်၍ ကုန်သွယ်ရေး ပိတ်ဆို့သွားတယ်၊ ရပ်တန့်သွားတယ်ဆိုရင်တော့ ထိုင်းကတော့ ငြိမ်နေမှာ မဟုတ်ဘူး။ ဖိအားပေးတဲ့ သဘောမျိုး နည်းပေါင်းစုံနဲ့ပေါ့လေ၊ ပါးစပ်နဲ့ပဲ ဖြစ်ဖြစ်၊ ဘာနဲ့ ပဲဖြစ်ဖြစ်ပေါ့၊ ဖြစ်လာနိုင်ပါတယ်။ ပိတ်ပင်တာမျိုး သူတို့က မကြိုက်ဘူးပေါ့လေ၊ သူတို့က စီးပွားရေးနိုင်ငံကြီးကိုး” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၄ ရက်နေ့က အာရှလမ်းမကြီးပေါ်မှာ ကားများကို မီးရှို့ဖျက်ဆီးထားစဉ်

၎င်း ပိတ်ဆို့မှုကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး၊ ခရီးသွားလာရေးများအပေါ် ထိခိုက်မှု ရှိကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။

အာရှလမ်းမကြီး တစ်လျှောက် ဖြစ်ပွားသော တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်က အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများကို ပို့ဆောင်လျက်ရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဆေးကုသရန် သွားခဲ့သည့် ဒေသကာကွယ်ရေးတပ် (PDF) ၃ ဦးကို ထိုင်းလ.ဝ.ကမှ ဖမ်းဆီးပြီး မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဖြတ်သန်းမှု ပိတ်ပင်ခြင်းကြောင့် ထိုင်းအာဏာပိုင်များမှ တော်လှန်ရေး အင်အားစုအပေါ် ဖိအားပေးမှုမှာ များစွာ မသက်ရောက်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုး နိုင်က CNI သတင်းဌာနသို့ ပြောသည်။

 

တော်လှန်ရေးအင်အားစုများ၏ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ဦးသန်းစိုးနိုင်က “ဒီတော်လှန်ရေး အင်အားစုတွေထဲက ထိုင်းဘက်ကို ရောက်သွားတဲ့ အင်အားစုအချို့ကတော့ ဖမ်းဆီးအရေးယူမှု၊ ထိုင်းက အမြဲဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ရက်အချို့ကပဲ PDF အဖွဲ့ဝင် ၃ ယောက်ကို ထိုင်းနယ်ခြား စောင့်တပ်တွေက BGF ကို ပို့ပေးတဲ့အတွက် သတ်ဖြတ်ခံရတဲ့ ကိစ္စတွေ ရှိပါတယ်။ ဒါပေမဲ့ တပ်ဖွဲ့တစ်ခုလုံးရဲ့ လှုပ်ရှားမှု တစ်ခုလုံး လာ‌ရောက်ပြီးတော့ အနှောင့်အယှက်ဖြစ်တဲ့ သက်ရောက်မှု အနေနဲ့တော့ မဖြစ်နိုင်ဘူးလို့ ယေဘုယျအားဖြင့် သုံးသပ်ပါတယ်” ဟု ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် မြန်မာ့တပ်မ‌တော်နှင့် တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိနေပြီး အရပ်သားသေဆုံးမှု၊ ကုန်ကားများ မီးလောင်ပျက်စီးမှု၊ ကုန်သွယ်ရေး ရပ်တန့်မှု စသည့် အခြေအနေများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။