CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၅

ရန်ကုန်မြို့ရှိ မြို့နယ် ၁၇ မြို့နယ်တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်၍ စက်တင်ဘာလအထိ ရောင်းချပေးသွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

မြို့နယ် ၁၇ မြို့နယ်တွင်ရှိသည့် ရပ်ကွက်အတွင်းနှင့် ဈေးများရှိ ဆန်ဆိုင်ပေါင်း ၄၂ ဆိုင်မှတဆင့် ရောင်းချပေး သွားမည်ဖြစ်ပြီး ဈေးသက်သက်သာသာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရောင်းချပေးခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အိတ်ရေကတော့ ကျနော်တို့ကတော့ ၉ လပိုင်းလောက်တော့ ရောင်းပေးမယ် မှန်းတယ်။ အဲဒီမှာတွေက ပြည်ချိန် ဝယ်တဲ့သူတွေကို အဓိကထား ရောင်းတာ။ ဘယ်လိုကြောင့် ရောင်းပေးလဲဆိုတော့ ဈေးနည်းနည်း သက်သာ အောင်ဗျာ နည်းနည်းလေး သက်သက်သာသာနဲ့ ဝယ်စားလို့ရအောင် ရောင်းပေးတာပါ။ လောလောဆယ် မရှိသေး ဘူး အချောကို ရောင်းပေးဖို့တော့။ ဆိုင် ၁ ဆိုင်ကို လောလောဆယ် ၂၅ အိတ်တော့ ချပေးထားတယ်။ သူတို့ ကုန်တဲ့အပေါ်မှာ မူတည်ပြီးတော့ ပြန်ရောင်းရမယ်” ဟု ပြောသည်။

ဆန်ကို သက်သာသောနှုန်းထားဖြင့် ရောင်းချရာတွင် ဆန်ကြမ်းအမျိုးအစားဖြစ်သည့် ဧည့်မထဆန် တစ်မျိုး တည်းမဟုတ်ဘဲ တခြားသော ဆန်အချောများကိုလည်း သက်သာသောနှုန်းထားဖြင့် ရောင်းချပေးရန်အတွက် စားသုံးသူ ပြည်သူများက မျှော်လင့်နေကြသည်။

လက်ရှိတွင် ဧည့်မထဆန်ကို သက်သာသောနှုန်းထားဖြင့် စက်တင်ဘာလအထိသာ ရောင်းချပေးခြင်းသည် စားသုံးသူပြည်သူများနှင့် ဈေးကွက်အတွင်း သက်ရောက်မှု အနည်းငယ်သာရှိနိုင်သည်ဟု စီးပွားရေး လေ့လာ သုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ်ကာလ ရန်ကုန်မြို့တွင် ဆန်များကို သက်သာနှုန်းထားများဖြင့် ရောင်းချပေးစဉ်(ဓါတ်ပုံ-CNI)

“သူ ဘယ်လောက် supply လုပ်နိုင်တဲ့အပေါ်မှာ မူတည်တာပဲလေ။ စဉ်းစားကြည့်လေ ဘာလို့လဲဆိုတော့ စက်တင်ဘာလကုန်အထိပဲလေ။ စက်တင်ဘာလကုန်ပြီးသွားရင် မရောင်းတော့ဘူးဆိုတော့ အဲဒီပြဿနာတစ်ခု၊ နောက်တစ်ခုက ဧည့်မထတစ်ခုပဲဆိုတော့ ဧည့်မထ မစားတဲ့ နည်းနည်း ဆန်အကောင်း စားချင်တဲ့သူတွေကျတော့ ဈေးကြီးပေးပြီး ထပ်ဝယ်စားနေရမှာလား မေးရမှာလေ။ ဆန်ဆိုတာက တစ်မျိုးတည်း ရောင်းမှာလား၊ ကျန်တဲ့ အမျိုးအစားတွေရော မရောင်းပေးဘူးလားဆိုတာ မေးစရာရှိတာပေါ့နော်” ဟု ပြောသည်။

ထို့နောက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးသည့် ဆန်ဆိုင်က အမှန်တကယ် ရောင်းချမှု ရှိမရှိနှင့် သတ်မှတ်ထားသော ပမာဏအတိုင်း မှန်ကန်စွာ ရောင်းချနေမှုများကိုလည်း တာဝန်ရှိသူများက အဂတိလိုက်စားမှု ကင်းစွာဖြင့် ထိရောက်စွာ ကြပ်မတ်သင့်ကြောင်း၊ သို့မှသာ စားသုံးသူပြည်သူများအတွက် အဆင်ပြေနိုင်မည် ဖြစ်သည်ဟု သုံးသပ်ကြသည်။

မြို့နယ်အလိုက် ရောင်းချပေးမည့် ဆန်ဆိုင်များမှာ လှိုင်သာယာတွင် (၇)ဆိုင်၊ ရွှေပြည်သာတွင် (၄) ဆိုင်၊ တောင်ဒဂုံတွင် (၄) ဆိုင်၊ မြောက်ဥက္ကလာပတွင် (၅)ဆိုင်၊ မြောက်ဒဂုံတွင် (၂) ဆိုင်၊ ဒဂုံဆိပ်ကမ်းတွင် (၁)ဆိုင်၊ အရှေ့ဒဂုံတွင် (၂)ဆိုင်၊ သင်္ဃန်းကျွန်းတွင် (၃) ဆိုင်၊ ပုဇွန်တောင်တွင် (၁) ဆိုင်၊ သာကေတတွင် (၁)ဆိုင်၊ ဒေါပုံတွင် (၂) ဆိုင်၊ ဒလတွင် (၃) ဆိုင်၊ ကြည့်မြင်တိုင်တွင် (၁) ဆိုင်၊ အလုံတွင် (၁) ဆိုင်၊ ဆိတ်ကြီးခနောင်တိုတွင် (၁)ဆိုင်၊ မင်္ဂလာဒုံတွင် (၃) ဆိုင်၊ အင်းစိန်တွင် (၁) ဆိုင် စသည်ဖြင့် မြို့နယ် ၁၇ ခုရှိ ဆန်ဆိုင်ပေါင်း ၄၂ ဆိုင်မှတစ်ဆင့် ရောင်းချပေးမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ထို့နောက် ဆန်များကို သက်သာသောနှုန်းထားဖြင့် ရန်ကုန်မြို့ရှိ ဝါးတန်းဆန်ကုန်စည်ဒိုင်နှင့် ဘုရင့်နောင် ဆန် ကုန်စည်ဒိုင်များတွင်လည်း ဆန်အမျိုးအစားမျိုးစုံကို လူတစ်ဦးလျှင် ၂ အိတ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဆန်ဈေးနှုန်း မြင့်တက်နေမှုကို ရန်ကုန်မြို့တစ်မြို့တည်းသာ ကြုံတွေ့နေရခြင်း မဟုတ် ဘဲ မြန်မာတစ်နိုင်ငံလုံး ကြုံတွေ့နေရခြင်းကြောင့် ကျန်ရှိသည့် တိုင်းနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ယခု ကဲ့သို့ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးစေလိုသည်ဟု စားသုံးသူပြည်သူများထံမှ သိရသည်။