CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ပြည်ပသို့ ပို့ဆောင်နေသည့် ဆန်ကုန်သည်များသည် ဆန်ဝယ်ယူမှု ရပ်တန့်နေသည့်အတွက် ပြည်တွင်းတွင် ပြည်ပပို့သည့် ဆန်နှင့်ဆန်ကွဲများမှာ ဈေးနှုန်းကျဆင်းနေသည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်ထံမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားဖြင့် လဲလှယ်ရခြင်း ကြောင့် နယ်စပ်ဆန်ဝယ်ယူမှု ရပ်တန့်နေကြောင်း၊ ပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်ပတင်ပို့ရာ တွင် တွက်ခြေမကိုက်သည့်အတွက် ပင်လယ်ရေကြောင်းမှ ဆန်ဝယ်ယူမှုလည်း ရပ်တန့်နေကြောင်း သိရသည်။

ထို့ကြောင့် ပြည်ပပို့သည့် ဆန်နှင့် ဆန်ကွဲဈေးနှုန်းသည် ပြည်တွင်း၌ ဈေးနှုန်းကျဆင်းလာကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဆန်အိတ်များ သယ်ဆောင်နေကြစဉ်

၎င်းက “အခုက နွေဆန်တွေလည်း ပေါ်လာတော့မှာလေ။ နွေဆန်တွေ အခု စပေါ်နေပြီဆိုတော့ ဈေးကွက်က အအေးဘက်ကို ပြန်သွားနေပြီ။ နယ်စပ်သမားကလည်း ဒီလကုန်ရင် ၆၅၊ ၃၅ စမှာဆိုတော့ ဆန်ရော၊ ဆန်ကွဲရော နယ်စပ်သမားက လုပ်လို့မရတော့ အဝယ်ရပ်သွားတယ်။ အဝယ်ရပ်သွားတော့ အခုလောလောဆယ် ဆန်ကွဲ တစ် အိတ်ကို ၁ ထောင်လောက် ကျသွားတယ်။ ဆန်ဈေးကလည်း အဝယ်မရှိသလို အေးသွားတယ်။ ဆန်တစ်အိတ်ကို ၂ ထောင်လောက် ကျသွားတယ် Export ဆန်ပေါ့။ အခုက နယ်စပ်ကုန်သွယ်ရေးက ဆန်ထွက်တာတော့ နယ်စပ် အဝယ်သမားက ရပ်သွားတယ်။ မန္တလေးသမားက အဝယ်ရပ်သွားတယ်။ မူဆယ်ပို့တဲ့သူ အဝယ်ရပ်သွားတယ်။ မြဝတီ ပို့တဲ့သူတွေ အဝယ်ရပ်သွားတယ်။ Normal Trade သမားက နဂိုကတည်းက ရှုံးနေတာဆိုတော့ သူတို့က မကိုက်လို့ နဂိုကတည်းက ရပ်ကြည့်တာ။ အခုဈေး တစ်အိတ်ကို ၂ ထောင်၊ ၃ ထောင်လောက်ချလည်း သူတို့က မဝယ်နိုင်သေးဘူး။ ထပ်ချဖို့ရှိတယ်” ဟု ပြောသည်။

ထို့နောက် ပြည်ပသို့ ပို့ဆောင်နေသည့် ဆန်တန်ချိန်များကို ယခင်လများထက် လျှော့ချပြီး ပို့သွားမည်ဆိုပါက ပြည်တွင်း ဆန်ဈေးနှုန်းများ ကျလာနိုင်မည်ဟု ဆန်ကုန်သည်များက ပြောသည်။

လက်ရှိတွင် ပြည်တွင်း ဆန်ထွက်ရှိမှု နည်းပါးနေသည့်အတွက် ပြည်တွင်း၌ လုံလောက်စေရန်နှင့် များစွာ ပိုလျှံမှု မဖြစ်စေရန် ပြည်ပသို့ တန်ချိန်မည်မျှ တင်ပို့မည်ကို ညှိနှိုင်းနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဆန်ရောင်းနေစဉ်

၎င်းက “တန်ချိန် ၂ သန်းကျော်လောက် ပို့ဖို့ဆိုရင် ကျနော်တို့က လိုအပ်တဲ့ တန်ချိန်က ၃ သိန်းလောက် သတ်မှတ် ထားတာပေါ့ အခုဘတ်ဂျက်နှစ်ပေါ့။ မတ်လအကုန်ကို ပို့သင့်တဲ့ တန်ချိန် ပမာဏကို လျာထားပြီးတော့ပေါ့။ ဖေဖော်ဝါရီ၊ မတ်လ၊ အခု ဖေဖော်ဝါရီတောင် ကုန်ပါပြီ။ ဖေဖော်ဝါရီ ၁ သိန်းခွဲ၊ မတ်လ ၁ သိန်းခွဲ မှန်းထားတာ။ ဖေဖော်ဝါရီမှာလည်း အဲလောက် မထွက်ဘူးဗျ။ မထွက်တော့ သူ့ဟာသူ ဈေးမကိုက်ရင် သူ့ဟာသူ လျော့သွားတာ ပါ။ အခု ဒီလပိုင်းသာ နည်းနည်းလေး လျော့သွားတာ။ အရင်ကတော့ ရှေ့လတွေကျတော့ ပုံမှန်ပို့ထားတယ်။ ပုံမှန် ပို့ထားပြီးတော့ ဒီလတွေမှာ တအားပို့ထည့်လိုက်ရင် ကျနော်တို့ ပြည်တွင်းမှာ ဒီနှစ်ကတော့ အထွက်နည်းနည်း လျော့တယ်ဗျ။ ဧရာဝတီရော၊ စစ်ကိုင်းတိုင်းဘက်ရော အထွက်နည်းနည်း လျော့တော့ ပို့တာကို ဘယ်လောက် လောက် ပို့သင့်တယ်ဆိုပြီးတော့ ညှိနှိုင်းထားတာပေါ့။ ညှိနှိုင်းထားတာကို ဒီနှစ်ဆိုရင် အဲလောက်ပဲ ထွက်တယ် ဆိုရင်သာ ဒါကို ပြည်တွင်းလည်း လုံလောက်မယ်ပေါ့။ နောက် အများကြီးလည်း မပိုဘူး။ အဲလိုမှန်းတာပါ” ဟု ပြောသည်။

လက်ရှိတွင် ပြည်ပသို့ တင်ပို့နေသည့် ဧည့်မထ ၂၅ မတ် ဆန်ဈေးနှုန်းများ ကျဆင်းနေပြီး တစ်အိတ်လျှင် ၅၃၀၀၀ ကျပ်ခန့် ဈေးနှုန်းရှိကြောင်း၊ နွေစပါးများ ထွက်ပေါ်လာသည့်အချိန်တွင် ဆန်ဈေးနှုန်းသည့် ယခုထက်ပို၍ ကျဆင်း လာမည်ဖြစ်ပြီး ၅ သောင်းကျပ်အောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်ဟု ဆန်ကုန်သည်များက သုံးသပ်နေကြသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် ၂ သန်းခန့် တင်ပို့ရန် လျာထားပြီး လက်ရှိတွင် ယင်းတန်ချိန်ကို ပြည့်မှီရန်အတွက် ဆန်တန်ချိန် ၃ သိန်းခန့်သာ လိုတော့ကြောင်း၊ ထို့နောက် ယခုဘဏ္ဍာနှစ်အတွင်း ကျန်ရှိသည့် တန်ချိန်ကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီနှင့် မတ်လတွင် တန်ချိန် ၁ သိန်းခွဲစီ တင်ပို့သွားရန် လျာထား ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။