CNI International News

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ - ၂၅

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် (Anwar Ibrahim)သည် ရင်းဂစ် ၃၈၈ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ ၂၀၂၃ ခုနှစ်အတွက် ဘက်ဂျက်ကို သောကြာနေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။

အဆိုပါ အစီအစဉ်သည် မလေးရှားသမိုင်း တစ်လျှောက်အမြင့်ဆုံး အသုံးစရိတ်ဖြစ်သည်ဟု CNA သတင်းတွင် ဖော်ပြသည်။

တစ်ဆက်တည်းမှာပင် ၎င်းသည် လူနေမှုစရိတ် လျှော့ချရန် ရည်ရွယ်သည့် လုပ်ဆောင်ချက်များကိုလည်း ထုတ်ပြန် ကြေညာခဲ့သည်။

သောကြာနေ့တွင် တင်သွင်းခဲ့သော ဘတ်ဂျက်ပမာဏသည် ၂၀၂၂ ခုနှစ် ဘတ်ဂျက်ဖြစ်သော ရင်းဂစ် ၃၂၂ ဒသမ ၁ ဘီလီယံ ပမာဏကို ကျော်လွန်နေသည်။

အစ္စမေ ဆာဘရီ ယာယွတ် ဦးဆောင်သော အစိုးရသည် ၂၀၂၃ ခုနှစ်အတွက် ရင်းဂစ် ၃၇၂ ဒသမ ၃ ဘီလီယံ ဘတ်ဂျက်ကို ထုတ်ပြန်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ် ၁၅ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ကျင်းပရေး အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ယင်းသည် လွှတ်တော်၏ အတည်ပြုကို မရခဲ့ပေ။

 မလေးရှားက စားသောက်ဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်

နိုင်ငံသားအားလုံး အကျိုးရှိစေမည့် စီးပွားရေး တိုးတက်မှုကိုဖြစ်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရသည် ၂၀၂၃ ခုနှစ် ဘတ်ဂျက်အတွက် ကျယ်ပြန့်သော ချည်းကပ်မှုကို လုပ်ဆောင်ခဲ့သည်ဟု အန်ဝါက သူ၏ မိန့်ခွန်းတွင် ပြောသည်။

တင်သွင်းခဲ့သော ၃၈၈ ဒသမ ၁ ဘီလီယံ ဘတ်ဂျက်တွင် ၂၈၉ ဒသမ ၁ ဘီလီယံသည် စီမံခန့်ခွဲရေး အသုံးစရိတ်၊ ၉၉ ဘီလီယံသည် ဖွံ့ဖြိုးတိုးတက်မှု အသုံးစရိတ်နှင့် ၂ ဘီလီယံသည် အရေးပေါ် အသုံးစရိတ် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် နှစ်တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘတ်ဂျက်သည် ၇၁ ဒသမ ၆ ဘီလီယံရှိခဲ့သော်လည်း ယခုနှစ်တွင် ၉၇ ဘီလီယံအထိ မြှင့်တင်ထားသည်ဟု အန်ဝါက နှိုင်းယှဉ်ပြောဆိုခဲ့သည်။

ဝန်ကြီးဌာနများ၌ ပညာရေးဌာနသည် အများဆုံး အသုံးစရိတ်ကို ရရှိမည်ဖြစ်ပြီး ၅၅ ဒသမ ၂ ဘီလီယံဖြစ်ကာ ပြီးခဲ့သည့် ၅၂ ဒသမ ၆ ဘီလီယံထက် ပိုများသည်။

ကျန်းမာရေးဌာနသည်လည်း ပြီးခဲ့သည့်နှစ် ၃၂ ဒသမ ၄ ဘီလီယံထက် ပိုများသော ၃၆ ဒသမ ၃ ဘီလီယံ အသုံး စရိတ်ကို ရရှိမည်ဖြစ်သည်။

မလေးရှား လူစည်ကားရာ နေရာတစ်ခုကိုတွေ့ရစဉ်

၂၀၂၂ ခုနှစ်တွင် ၈ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့သော နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၃ ခုနှစ်၌ ၄ ဒသမ ၅ ရာခိုင်နှုန်းသာရှိမည်ဟု ဘဏ္ဍာရေးဝန်ကြီး၏ လွှတ်တော်မိန့်ခွန်း မတိုင်ခင် ထုတ်ပြန်ခဲ့သော စီးပွားရေးနှင့် ဘဏ္ဍာ ရေးဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငွေကြေးဖောင်ပွမှုနှုန်းသည် ပြီးခဲ့သည့်နှစ် နည်းတူ ၃ ဒသမ ၃ ရာခိုင်နှုန်းဆက် ရှိမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာလုံး ဆိုင်ရာ ထောက်ပံ့ရေး အခြေအနေများကြောင့် ယင်းထက် ပို၍ ဆိုးရွားနိုင်သည်ဟုလည်း အန်ဝါက သတိပေး သည်။

ဘဏ္ဍာရေးဆိုင်ရာ လိုငွေပြမှုကို ၂၀၂၃ ခုနှစ်တွင် GDP ၏ ၅ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်ရွယ်ထားကြောင်း ပြီးခဲ့သည့် နှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း နှင့် ၂၀၂၅ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ လျှော့ကျရန် စီစဉ်ထားသည်ဟုလည်း အန်ဝါက ပြောသည်။

Source:CNA