CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

ပြည်ပအလုပ်အကိုင် ရှာဖွေရေး ပွဲစားနှင့် အေဂျင်စီများသည် စာရွက်စာတမ်း အချက်အလက် အထောက်အထားအတုများဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြဆောင်ရွက်နေကြကြောင်း စိစစ်တွေ့ရှိရခြင်းကြောင့် လုပ်ငန်းဆောင်ရွက်သည့် ပွဲစား/အေဂျင်စီအပြင် လုပ်ငန်းအပ်နှံသည့် အလုပ်သမား ကိုပါ စိစစ်အရေးယူသွားမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပွဲစားများ/ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ဦးစီးဌာနသို့ အလုပ်လုပ်ကိုင်ခွင့် ပါမစ်အတု၊ ပြည်ဝင်ခွင့်ဗီဇာအတု၊ လေဆိပ်အဝင်တုံးအတု၊ အလုပ်ရှင်ခွင့်စာအတု၊ ပြည်ပ အလုပ်အကိုင် လမ်းညွှန်သင်တန်းဆင်းလက်မှတ်အတု၊ ဘွဲ့လက်မှတ် သို့မဟုတ် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်အတု စသည့် စာရွက်စာတမ်း အထောက်အထားအတုများဖြင့် တင်ပြခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးတည်းမှ လက်ရေးမူ တစ်ခုတည်းဖြင့် ရေးသားတင်ပြခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိလျက်ရှိပါသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ပွဲစား/အေဂျင်စီများအနေဖြင့် စာရွက်စာတမ်း အချက်အလက် အထောက်အထားအတုများဖြင့် တင်ပြ ဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက လုပ်ငန်းဆောင်ရွက်သည့် ပွဲစား/အေဂျင်စီအပြင် လုပ်ငန်း အပ်နှံ သည့် အလုပ်သမားကိုပါ လိုအပ်သလို စိစစ်အရေးယူဆောင်ရွက်သွားမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနက ပြောသည်။