CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁

တရားမဝင် အေဂျင်စီနှင့် ပွဲစားများကို တိုင်ကြားနိုင်ရန်အတွက် သီးသန့်ဌာနတစ်ခု ဖွဲ့စည်း၍ အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပသို့ ထွက်ခွာချင်သူ ပေါများလာသဖြင့် တရားမဝင် အေဂျင်စီနှင့် ပွဲစားတို့မှာလည်း များပြားလျက်ရှိသည်။

ထို့နောက် ပြည်ပထွက်ခွာ လိုသူများသည် တရားမဝင် အေဂျင်စီနှင့် ပွဲစားများ၏ ငွေကြေးအလိမ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းများ ကြုံတွေ့နေကြရသည်။

ထိုကိစ္စရပ်များအား တိုင်ကြားနိုင်ရန်အတွက် သီးသန့်ဌာနတစ်ခု ဖွဲ့စည်း၍ လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားကာ ဖြေရှင်းပေးသင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “တကယ်လို့ အဲဒီလို တိုင်ကြားလို့ ရမယ်ဆိုရင်တော့ ဒီတိုင်စာကို ကျနော်တို့နိုင်ငံရဲ့ ဌာနဆိုင်ရာ တော်တော်များများမှာ သုံးတဲ့ အစဉ်အလာ စကားတစ်ခုရှိတယ်။ အထက်ကို တင်ပြရတာပေါ့နော်။ တင်ပြထားပါတယ်။ မင်းတို့တိုင်ကြားတာကို တင်ပြထားပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့တော့ နှစ်သိမ့်လို့ မရဘူးပေါ့။ အဲဒီတိုင်ကြားလာတဲ့ သူတွေကို ဒီတိုင်စာကို လက်ခံတဲ့ ဖွဲ့စည်းထားတဲ့ ဌာနကလည်း ချက်ချင်းပေါ့ social media ခေတ်ကြီး ဖုန်းကောက်ဆက်လို့ရတယ်။ မိမိရဲ့ သက်ဆိုင်ရာဌာနက လူကြီးတွေကို။ အဲဒီတော့ ဒါကို အချိန်နဲ့တပြေးညီ ဒီပြဿနာကို ဖြေရှင်းပေးဖို့ လိုတယ်။ ဒီနေ့တော့ လက်ခံလိုက်ပြီးတော့ မနက်ဖြန်မှ လာဆိုတဲ့ ပုံစံမျိုးလည်း မဖြစ်စေချင်ဘူး။ အလုပ်သမားအရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အချိန်နဲ့တပြေးညီ ဖြေရှင်းနိုင်တဲ့သူ၊ ဆုံးဖြတ်နိုင်တဲ့သူတွေကို တာဝန်ပေးပြီးတော့ ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ကျနော်ပြောချင်တယ်” ဟု ပြောသည်။

ပြည်ပရောက် မြန်မာများကိုတွေ့ရစဉ်

ထိုသို့ အလုပ်သမားအရေး ကိစ္စနှင့်ပတ်သက်၍ တိုင်ကြားနိုင်ရန် သီးသန့်ဌာနတစ်ခု ဖွဲ့စည်းလိုက်ပါကလည်း တိုင်ကြားခံရသူများထံမှ ငွေကြေးတစ်စုံတစ်ရာ လက်ခံပြီး တိုင်ကြားစာများအား အရေးယူမှု မလုပ်ဆောင်ခြင်း များလည်း ဖြစ်လာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်သည်။

ထို့ကြောင့် ၎င်းသီးသန့်ဌာန ဖွဲ့စည်းဖြစ်ပါက အဂတိကင်းရှင်းရန် လိုအပ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက် သူများက အကြံပြုသည်။

သို့သော် သီးသန့်ဌာန ဖွဲ့စည်းပြီး တရားမဝင် အေဂျင်စီနှင့် ပွဲစားတို့အား အရေးယူမှုများ ဆောင်ရွက်သည့် အခါ တွင် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများအပေါ်၌ သက်ရောက်မှု သွားရှိကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါပေမယ့် ဘယ်လောက် လုပ်နိုင်မလဲဆိုတဲ့ အပေါ်မှာလည်း မူတည်သေးတယ်။ သူတို့ ဘယ်လောက်အထိ ကြပ်ကြပ်မတ်မတ် အရေးယူနိုင်မလဲ၊ လုပ်နိုင်မလဲ အဲဒီအပေါ်လည်း မူတည်တာပေါ့။ နေ့စဉ် ဖြစ်ပျက်နေတဲ့ တိုင်း ပြည်ထဲက ပြဿနာတွေတောင်မှ ဖြေရှင်းဖို့က တိုင်ကြားဖို့က နစ်နာသူတွေအနေနဲ့ မရနိုင်တဲ့ကိစ္စ၊ ဒီလိုကိစ္စတွေ ကြတော့ ပိုဆိုးတာပေါ့။ နောက်တစ်ခုက တရားမဝင် ထွက်တယ်ဆိုတဲ့ ဥစ္စာက ဗမာပြည်က ဥပဒေဆိုတာလည်း သူတို့ဆီမှာ ရှိနေတာကို။ အ.လ.ည ရဲ့ သူ့ဥပဒေရှိတယ်၊ လူကုန်တားရဲ့ ဥပဒေရှိတယ်၊ နောက်ပြီးရင် လ.ဝ.က ရဲ့ ဥပဒေရှိတယ်။ ၃ ခုစလုံးနော် အဲဒါတွေနဲ့ တရားမဝင် ထွက်တာတို့ သူတို့က ယူလို့ရတယ်။ အဲဒါတွေနဲ့ ပြဿနာရှာ လို့ရတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့က ရတဲ့ နည်းလမ်းနဲ့ပဲ သက်ဆိုင်ရာတွေ၊ ဂိတ် တွေ ပိုက်ဆံပေးပြီးတော့ပဲ ရအောင်ဝင်နေကြတာပဲ။ ပွဲစားဆိုရင် အကုန်လုံးက ပွဲစားချည်းပဲကို ဖြစ်နေတာ အဆင့် ဆင့်ပေါ့နော်။ နှုတ်ပွဲစားလေးနဲ့ ဘယ်လောက်ပဲရရ ဟိုဘက်က လက်တွေ့ လုပ်ရမယ့် နေရာတွေဘာတွေ ဘာမှ သိတာ မဟုတ်ဘူး။ အဲကနေ ဆင့်ကဲ ဆင့်ကဲနဲ့ ပွဲစားပေါင်း သောင်းခြောက်ထောင်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားစဉ်

ထို့အပြင် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ပွဲစား/အေဂျင်စီများသည် စာရွက်စာတမ်း အချက်အလက် အထောက် အထား အတုများဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြဆောင်ရွက်နေကြကြောင်း စိစစ်တွေ့ရှိရ ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်သည့် ပွဲစား/အေဂျင်စီအပြင် လုပ်ငန်းအပ်နှံသည့် အလုပ်သမားကိုပါ စိစစ်အရေးယူ သွားမည်ဖြစ်ကြောင်းလည်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများအား ပြည်ပနိုင်ငံများသို့ တရားမဝင် သွားရောက်ခြင်းမျိုး မရှိစေရန် တရားဝင် စေလွှတ်နေ သည့် လုပ်ငန်းစဉ်များအား ယခုထက် ပိုမို မြန်ဆန်စွာ လုပ်ဆောင်သင့်ကြောင်းနှင့် ထိုမှသာ တရားမဝင် သွားရောက်မှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက အကြံပြုသည်။