CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁

ပြည်သူ့ပါတီ (PP) နှင့် ပူးပေါင်းမှုက အခြေခံကောင်းသည့် နိုင်ငံရေးပါတီကြီး ဖြစ်လာရန် မျှော်မှန်းထားကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUDP)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့အတူ မိမိတို့ ရည်မှန်းချက်ကို ရောက်ရှိရန် မိမိတို့ ပါတီတစ်ခုဖြင့် မရတော့ကြောင်း၊ နစက၏ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကြောင့် နိုင်ငံတစ်ဝန်းယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့ကြောင်း ၎င်းက ပြောသည်။

ဦးကိုကိုကြီး မိန့်ခွန်းပြောနေစဉ်

ဦးစိန်ဝင်းက “ကျနော်တို့ ပါတီဖက်ကလည်း ကျနော်တို့ကြီး သွားလို့ မရတော့ဘူး။ ကျနော်တို့ ကိုယ့်ဒူးကိုယ်ချွန်နဲ့ ကိုယ့်အားကိုယ်ကိုးနဲ့ ကာကီရောင် အလံလေးပေါ့၊ အမျိုးသားဒီမိုကရက်တစ်ပါတီ အရောင်လေးကို ကျ‌နော် အင်မတန် မြတ်နိုးတာပေ့ါ၊ ဒီလိုမျိုး ကိုယ်စွန့်လွှတ်သင့်တဲ့ဟာကို စွန့်လွှတ်ရမယ်၊ ဘာလို့လဲဆိုရင် နိုင်ငံနဲ့ ပြည်သူ အတွက် ကြီးကြီးကျယ်ကျယ် လုပ်ဆောင်မှုတွေ ကြီးကြီးကျယ်ကျယ် စွန့်လွှတ်သင့်တာတွေ စွန့်လွှတ်ရမယ် ဆိုပြီး တော့ ကျနော်ဒီလိုမျိုး သူတို့ကို(ပါတီဝင်) နားချတဲ့အတွက် သူတို့လည်း နားလည်တယ်၊ ကျနော်တို့ ပူးပေါင်းလိုက် တဲ့အတွက် တစ်ယောက်က ဘယ်သန်ဖြစ်ရင်၊ တစ်ယောက်က ညာသန်ပေါ့ဗျာ၊ တစ်ယောက်က ညာသန်ဖြစ်တဲ့ အတွက် တစ်ယောက်က ဘယ်သန်ပေါ့၊ ကျနော်တို့ နှစ်ဦးက သူလည်း အလုပ်သမား အခြေခံတယ်၊ ကျနော်လည်း တောင်သူလယ်သမား အခြေခံတယ်ဆိုတော့ အလုပ်သမားနဲ့ တောင်သူလယ်သမားက မြန်မာနိုင်ငံမှာ ခေါင်းနဲ့ ပန်းလိုပဲလေ၊ အလုပ်သမားက တောင်သူလယ်သမား ဖြစ်သွားလိုက်၊ တောင်သူလယ်သမားကလည်း အလုပ် သမား ဖြစ်သွားလိုက်နဲ့ တခြားနိုင်ငံတွေလို အလုပ်သမားသတ်သတ်၊ တောင်သူလယ်သမား သတ်သတ် မြန်မာ နိုင်ငံမှာ မရှိပါဘူး။ ကနေ့ အလုပ်သမားတွေကို သွားမေးကြည့်ရင် သူတို့ မိဘတွေကို ဘယ်သူလဲလို့ မေးလိုက်ရင် တောင်သူလယ်သမား သားသမီးတွေ ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ပါတီနှစ်ခု ပူးပေါင်းတာဟာ မြန်မာနိုင်ငံအတွက် အင်မတန် အလားအလာကောင်းသော အခြေခံကောင်းသော ပါတီကြီး တစ်ခု ဖြစ်လာဖို့ မျှော်မှန်းနိုင်တဲ့ အနေအထား ရှိပါတယ်လို့ ကျနော်ဒီလိုမျိုး ပြောကြားပါရစေ” ဟု ပြောသည်။

လက်ရှိမှာလည်း ပါတီမှတ်ပုံတင် ပြန်တင်နိုင်ရန် လုပ်ဆောင်နေပြီး နောက်ထပ် နိုင်ငံရေးပါတီများ ဆက်လက် ပူးပေါင်းသွားရန်လည်း ရှိနေကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)ထံ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့် လျှောက်ထား သည့်ပါတီ စုစုပေါင်း ၁၃ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ၁၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၈ ပါတီ ရှိသည်ဟု သိရသည်။

ဦးစိန်ဝင်းနဲ့ ဦးကိုကိုကြီးကိုတွေ့ရစဉ်

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး အကျပ်အတည်းများကို နိုင်ငံရေးနည်းလမ်းဖြစ် ဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစိန်ဝင်းက ပြောသည်။

၎င်းက “ကျနော်တို့ ပူးပေါင်းတာက ရန်ဖြစ်ဖို့ မဟုတ်ဘူးဗျ၊ ပူးပေါင်းတာက ကျနော်တို့ အင်အားကြီးဖို့ အရင်တုန်း ကတော့ NUDP တစ်ခုတည်းပေါ့ဗျာ၊ အခု ပြည်သူ့ပါတီနဲ့ပေါင်းမယ်၊ ပြည်သူ့ပါတီနဲ့ NUDP နဲ့ ပေါင်းလိုက်တာ ဘယ်ကို သွားရမလဲဆိုရင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ပြည်သူ့ပါတီ အသစ်ဖြစ်အောင် ကျနော်တို့ လုပ်ရမယ်” ဟု ပြောသည်။

ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမှာဖြစ်ပြီး အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲအပ်မည်ဟု နစက ဥက္ကဋ္ဌက ပြောကြားထားသည်။