CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

လက်ရှိအချိန်မှာ နိုင်ငံ‌ရေးပါတီ လုပ်နေရင် သစ္စာဖောက်သလို ဖြစ်နေကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နေ့မှာ ကျင်းပသည့် ပြည်သူ့ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးကိုကိုကြီးက “အခုဖြစ်နေတဲ့ အကျပ်အတည်းမှာ နိုင်ငံရေးပါတီလုပ်နေရင်ပဲ ကျနော်တို့က သစ္စာဖောက်သလိုလို ဖြစ်နေတဲ့အချိန်မှာ သတိထားမိဖို့ ကျနော်ပြောပြတာ၊ တခြားပါတီတွေလည်း အားလုံး နိုင်ငံရေးပါတီအဖြစ် ရပ် တည်နေကြတယ်၊ ဆက်လက် ရပ်တည်ဖို့လည်း ကြိုးစားတဲ့သူတွေ ကြိုးစားနေကြတယ်၊ တိုင်းရင်းသားပါတီတွေ သူတို့ ဒေသမှာ တိုက်ပွဲတွေ အသေအပျောက်တွေ၊ မီးရှို့ဖျက်ဆီးတာတွေ ဖြစ်နေသော်လည်းပဲ သူတို့ တိုင်းရင်း သားကို ကိုယ်စားပြုတဲ့ ပါတီတစ်ရပ် ရှိသင့်တယ်ဆိုတာကို မငြင်းကြဘူး။ နောက်ဆုံးပြောရရင် သူတို့ တိုင်းရင်း သား လက်နက်ကိုင် ဒေသတွေကအစ တိုင်းရင်းသားပါတီတွေ အခု မှတ်ပုံတင်ဖို့၊ ရပ်တည်ဖို့ ကြိုးစားနေကြတာကို ဘာမှ ခြိမ်းခြောက်တာမျိုးလည်း မရှိဘူး။ မကြားရဘူး။ ဖြစ်နေတာ ကျနော်တို့ ဒီဗမာပေါ့၊ ဒီပြည်မပေါ့၊ ဘယ်လို စဉ်းစားနေကြတာလဲ၊ ကျနော်တို့ မလိုတော့ဘူးလား၊ ကျနော်တို့ နိုင်ငံရေးပါတီတွေက မလိုအပ်တော့ဘူးလား။ ဒါမှ မဟုတ်ရင် ကျနော်တို့ ခေတ်အဆက်ဆက်မှာ ၁၉၆၂ အာဏာသိမ်းတယ်၊ စစ်တပ်ကနေ ပါတီထောင်တယ်၊ ၈၈ အာဏာသိမ်းတယ် ပြောရရင် စစ်တပ်က ပါတီထောင်တာပဲ၊ အဲဒီအတိုင်း ကျနော်တို့က လွတ်ပေးလိုက်မှာ ကဲဖြစ်ချင်တာဖြစ်ကြတော့ မင်းတို့ဟာ မင်းတို့ လုပ်ချင်တာ လုပ်ကြတော့လို့ လွတ်ပေးလိုက်မှာ အဲဒါ ကျနော် တို့က မေးခွန်းမေးရတော့မှာ” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသည့် ပြည်သူ့ပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ကျင်းပနေစဉ်

လက်ရှိတွင် နစကမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံရေး ပါတီများ စတင်ကာ မှတ်ပုံတင်နေကြပြီဖြစ်ကြောင်း သိရသည်။

အခြားတစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် နစက ကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဖြစ်ကြောင်း ပြောကြား ထားသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု ယုံကြည်သည့် ပြည်သူလူထုများ အနေဖြင့် စိတ်ခံ စားချက်များဖြင့် မစဉ်းစားကြရန် တိုက်တွန်းလိုကြောင်း ဦးကိုကိုကြီးက ပြောသည်။

 ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသည့် ပြည်သူ့ပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ကျင်းပနေစဉ်

၎င်းက “နိုင်ငံရေးပါတီထောင်ရင် အာဏာမက်လို့တဲ့ အာဏာမက်ရင် နိုင်ငံရေးပါတီထောင်တာတို့ ရွေးကောက်ပွဲ ဝင်တာ၊ စည်းရုံးရတာ အင်မတန် ပင်ပန်းတယ်၊ ဖြတ်လမ်းတွေရှိတယ်၊ ခင်ဗျားတို့လည်း တွေ့နေတာပဲ နိုင်ငံတော် အဆင့် ရာထူးရာခံ ဖြစ်ဖို့ဆိုတဲ့ကိစ္စ ပါတီထောင် ရွေးကောက်ပွဲတွေ ဝင်စရာမလိုဘူး။ ဒါပေမဲ့ ကျနော်တို့က ပြည်သူကို ယုံကြည်တယ်၊ လူထုကို ယုံကြည်တယ်၊ လူထုထောက်ခံမှုနဲ့ လူထုအသိအမှတ် ပြုမှုနဲ့သွားတဲ့ နည်းလမ်းကိုပဲ ကျနော်တို့က ရွေးမယ်၊ ဒါကြောင့်မို့လို့ ပြည်သူလူထုက နိုင်ငံရေးယုံကြည်မှုအပေါ်မှာ နိုင်ငံရေး နည်းလမ်း‌အပေါ်မှာ အားပေးကြပါ၊ တိုက်တွန်းကြပါ၊ စိတ်ခံစားချက်တွေနဲ့ မစဉ်းစားကြပါနဲ့လို့ အဲဒီလို ကျနော်က တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ရေးပါတီကို နိုင်ငံတော်အာဏာ လွှဲအပ်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။