CNI International News

ဘဲလ်ဂရိတ်၊ ဖေဖော်ဝါရီ ၂၈

ကိုဆိုဗိုအရေးတွင် ဆားဘီးယားအနေဖြင့် အလျှော့ပေးသွားမည် မဟုတ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူချိ (Aleksander Vucic) က တနင်္လာနေ့မှာပဲ အင်စတာဂရမ် ဗွီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်း၌ ဖော်ပြထားသည်။

၁၅ မိနစ်အတွင်း ဘရပ်ဆဲလ်သို့ ထွက်ခွာလာမည် ဖြစ်ကြောင်း၊ အပြီးသတ် ပြင်ဆင်မှု လုပ်ဆောင်ထားကြောင်း၊ တစ်စုံတစ်ခုကို လက်မှတ်ရေးထိုးလျှင် ဆားဘီးယားအား သစ္စာဖောက်များအဖြစ် သို့မဟုတ် ၁၉၉၀ နှစ်များသို့ ပြန်လိုနေသည်ဟု အပြစ်တင်ရန် အဆင်သင့် ဖြစ်နေသူများကို ၎င်းတို့အနေဖြင့် ဘာအတွက်မှ စိုးရိမ်စရာ မရှိဟု ပြောလိုကြောင်း ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူချိက ပြောသည်။

၎င်းက “ အရှုံးပေးခြင်း သို့မဟုတ် ၁၉၉၀ နှစ်များဆီသို့ ပြန်သွားခြင်းမျိုး ရှိလာမည်မဟုတ်ကြောင်းနှင့် ဆားဘီးယားသည် မည်မျှ ခက်ခဲနေပါစေ ရှေ့သို့ဆက်သွားကာ အောင်မြင်မှုကို ရယူသွားမည်”ဟု ပြောသည်။

ဆားဘီးယားနိုင်ငံသားများကိုတွေ့ရစဉ် 

ဆားဘီးယားဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဆီနီဆာ မာလီ(Sinisa Mali)မှ ဖန်တီးခဲ့သော ထိုဗွီဒီယိုတွင် ဆားဘီးယားဝန်ကြီးချုပ် အန်နာ ဘာနာဘစ် (Ana Brnabic) ကိုလည်း ဘူချိ၏ဘေးတွင် မြင်တွေ့ခဲ့ရသည်။

ဆားဘီးယားနှင့် ကိုဆိုဗိုတို့ကြား တင်းမာမှုများ ပြေလျော့ရေး ပြင်သစ်-ဂျာမနီ တို့မှ စီစဉ်ပေးသည့် ဆွေးနွေးပွဲများ ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျင်းပခဲ့သည်။

ထိုဆွေးနွေးပွဲအပြီးတွင် အနောက် ဘော်လ်ကန် (Western Balkans) နိုင်ငံများဆိုင်ရာ အီးယူ၏ အထူးကိုယ်စား လှယ် မီရိုဆလပ်ဗ် လတ်ကတ် (Miroslav Lajcak) က ဆားဘီးယားသမ္မတ၊ ကိုဆိုဗို ဝန်ကြီးချုပ်တို့နှင့် သီးခြား တွေ့ဆုံသွားမည်ဟု သိရသည်။

Source: တာ့စ်