CNI International News

ဒွန်းတက်ခ်၊ဖေဖော်ဝါရီ ၂၈

ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းသည် ဒွန်နက်စ်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား ၄၄၄၉ ဦးသေဆုံးခဲ့သည်ဟု ဒွန်နက်စ်ပြည်သူ့ သမ္မတနိုင်ငံ(DPR)၏ ယူကရိန်းစစ်ရာဇဝတ်မှုဆိုင်ရာ ထိန်းချုပ်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲစင်တာ JCCC မှ တနင်္လာနေ့တွင် ဖော်ပြသည်ဟု တာ့စ်သတင်းတွင် ရေးသားထား သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် စတင်ခဲ့သော ယူကရိန်း-ရုရှား စစ်ပွဲအတွင်း ရုရှားက လွတ်လပ်ရေး အသိအမှတ်ပြုခဲ့သည့် ဒွန်နက်စ်ဒေသမှာ အရပ်သား သေဆုံးမှု စာရင်းဖြစ်သည်။

DPR ၏ JCCC ထံမှ ရရှိသော တရားဝင် အချက်အလက်များအရ တင်းမာမှုများ စတင်ပြီး ၃၇၅ ရက်အကြာတွင် ကလေးငယ် ၁၃၂ ဦး အပါအဝင် အရပ်သား ၄၄၄၉ ဦး သေဆုံးခဲ့သည်ဟု ထိုအဖွဲ့က ပြောသည်။

အော့တဝါ သဘောတူညီချက် (Ottawa Convention) တွင် ပိတ်ပင်ထားသည့် PFM-1၊ Lepestok ကဲ့သို့ မိုင်းများ ကြောင့် ကလေးငယ် ၈ ဦး အပါအဝင် အရပ်သား ၉၃ ဦး သေဆုံးကာ ကလေးငယ် ၂၆၆ ဦး အပါအဝင် အရပ်သား ၄၁၇၄ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း သိရသည်။

၃၇၅ ရက်ကြာ တိုက်ပွဲများတွင် ပစ်ခတ်မှုပေါင်း ၁၅,၈၈၈ ကြိမ်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ထိုအကြိမ်ရေထဲမှ ၁၅,၅၅၆ ကြိမ်မှာ လက်နက်ကြီးများ ဖြစ်သည်။

ဒွန်နက်စ်ပြည်သူတစ်ဦးကိုတွေ့ရစဉ်

ရန်သူ့ဘက်မှ ၁၀၁,၆၆၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်းး၊ ထိုအထဲတွင် Tochka-U ဒုံးကျည် ၃၉ ကြိမ်၊ HIMARS ဒုံးကျည် ၂၃၉ ကြိမ်၊ BM – 30 Smerch ၁၈ ကြိမ်၊ BM-27 Uragan ဒုံးကျည် ၂၅၈ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ၁၂၂ မမဖြင့် ၁၃,၁၀၃ ကြိမ်၊ ၁၅၅ မမနှင့် ၂၂,၈၃၉ ကြိမ် ပစ်ခတ်ခဲ့ကြောင်းလည်း JCCC က ဖော်ပြထားသည်။

ဒွန်နက်စ် စစ်မြေပြင်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်မှ စတင်ကာ တင်းမာမှုများ ဖြစ်ပွားခဲ့သည်။

ဒွန်နက်စ်ဒေသ ခေါင်းဆောင်များ၏ တောင်းဆိုမှုကြောင့် ယူကရိန်းအစိုးရ၏ ရှစ်နှစ်ကြာ အနိုင်ကျင့်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတို့နှင့် ရင်ဆိုင်နေရသည့် ပြည်သူများကို ကာကွယ်ပေးရေး အထူးစစ်ဆင်ရေးကို စတင်ရန် ဆုံးဖြတ်လိုက်သည်ဟု ဖေဖော်ဝါရီ ၂၄ ရက် မိန့်ခွန်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ထည့်သွင်းပြောကြား ခဲ့ သည်။

ထို့နောက် ယူကရိန်း-ရုရှား စစ်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့က တစ်နှစ်ပြည့်သွားခဲ့ပြီး ဖြစ်သည်။

သို့သော် လက်ရှိအချိန်ထိ စစ်ပွဲမှာ ဆက်လက်ဖြစ်ပွားနေပြီး တစ်စုံတစ်ရာ သဘောတူညီချက်များလည်း ရယူနိုင်ခြင်း မရှိသေးပါ။

Source: တာ့စ်