CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈

ထိုင်ဝမ်ကို သိမ်းပိုက်ရေးနဲ့ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၎င်းတို့၏ လုပ်နိုင်စွမ်းအားကို သံသယရှိနေသော်ငြားလည်း ထိုင်ဝမ်ကို ကျူးကျော်ရန် ၂၀၂၇ တွင် အဆင့်သင့်ဖြစ်နေစေရမည်ဟု တရုတ် စစ်တပ်ကို ညွှန်ကြားထားကြောင်း အမေရိကန်မှ ထောက်လှမ်းသိရှိထားသည်ဟု CIA ဒါရိုက်တာ ဝီလီယမ် ဘန်းစ်(William Burns)၏ အဆိုကို ကိုးကား၍ AP သတင်းတွင် ဖော်ပြသည်။

ယင်းမှာ ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ဥပမာပေးကာ ထိုသို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်အနေဖြင့် စစ်ရေးအရ ပဋိပက္ခဖြစ်ပွားရမည်ဆိုလျှင်ပင် ထိုင်ဝမ်အား အပြီးသတ်ထိန်းချုပ်မည့် ရှီ၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်သွားမည်ဟု ဘန်းစ်က ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

ထိုင်ဝမ်အားသိမ်းပိုက်ရေး ၂၀၂၇ တွင် အသင့်ပြင်ထားရန် တရုတ်သမ္မတက တရုတ်စစ်တပ်နှင့် စစ်တပ်ခေါင်း ဆောင်များအား ညွှန်ကြားထားသည်ကို သိရှိထားကြောင်း သို့သော် ယင်းက ၂၀၂၇ ခုနှစ် (သို့မဟုတ်) တခြား အချိန်တစ်ခုခုတွင် ထိုင်ဝမ်ကိုကျူးကျော်ရန် ဆုံးဖြတ်ထားခြင်းမျိုးမဟုတ်ကြောင်း ဘန်းစ်က CBS သတင်းကို ပြောခဲ့သည်။

သမ္မတရှီနှင့် စစ်တပ်ခေါင်းဆောင်များသည် ကျူးကျော်မှုအတွက် ၎င်းတို့လုပ်ဆောင်နိုင်မည်လားဆိုသည့်အပေါ် သံသယရှိနေသည်ဟု ထင်မြင်ကြောင်းလည်း ဘန်းစ်က ပြောခဲ့သည်။

ထိုင်ဝမ်အမျိုးသမီးသမ္မတ ဆိုင်အင်ဝမ်(ဘယ်)နှင့် ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး Ro Khanna တို့ တိုင်ပေရှိ သမ္မတရုံးတွင် တွေ့ဆုံနှုတ်ဆက်စဉ်(ဓါတ်ပုံ-အေပီ)ဆကanna

၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ကြောင့် တရုတ်နှင့်ထိုင်ဝမ်နှစ်နိုင်ငံ ကွဲခဲ့ရသည်။ ထိုင်ဝမ်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ကိုယ်ပိုင်အုပ်ချုပ်မှုကို ကျင့်သုံးသော်လည်း ယင်းကို ကုလသမဂ္ဂ (သို့မဟုတ်) မည်သည့် အင်အားကြီးနိုင်ငံကမှ တရားဝင်အသိအမှတ်ပြုထားခြင်း မရှိပေ။ ၁၉၇၉ ခုနှစ်တွင် သမ္မတ ဂျင်မီကာတာသည် ဘေဂျင်းအစိုးရကို အသိအမှတ်ပြုခဲ့ပြီး ထိုင်ဝမ်နှင့် အပြန်အလှန်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့သည်။

ယင်းကိုတုန့်ပြန်မှုအဖြစ် ကွန်ကရက်လွှတ်တော်က ထိုင်ဝမ်ဆက်ဆံရေးဉပဒေကို အတည်ပြုခဲ့ပြီး ထိုင်ဝမ်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် စံတစ်ခုကို ဖန်တီးခဲ့သည်။တရုတ်ဘက်က ထိုင်ဝမ်ကို ၎င်းတို့ပိုင်အဖြစ် ပြောဆို ထားပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုရှိနေချိန်တွင် ကျွန်း၏ဒီမိုကရေစီကို ထိန်းသိမ်းရေးအတွက် အမေရိကန်ဘက်က အကူအညီများစွာ ပေးခဲ့သည်။

တရုတ်ဘက်က ကျူးကျော်လာလျှင် အမေရိကန်အနေဖြင့် ထိုင်ဝမ်ကို ကာကွယ်ပေးသွားမည်ဟုလည်း သမ္မတ ဂျိုးဘိုင်ဒန်က ပြောသည်။ ထိုင်ဝမ်အရေးကို ငြိမ်းချမ်းစွာဖြေရှင်းစေလိုသည်ဟု အိမ်ဖြူတော်ဘက်မှ ထပ်လောင်း ပြောဆိုခဲ့သော်လည်း တရုတ်ဘက်က တိုက်ခိုက်လာလျှင် ထိုင်ဝမ်သို့ အမေရိကန်တပ်များ စေလွှတ်မည်လား ဆိုသည်နှင့်ပတ်သတ်၍ နှုတ်ဆိတ်လျက်ရှိသည်။

ရုရှား၏ ကျူးကျော်မှုကို ခံနေရသော ယူကရိန်းအပေါ် အမေရိကန်နှင့် ဥရောပမဟာမိတ်များက ထောက်ပံ့မှု လုပ်ဆောင်နေခြင်းက တရုတ်အစိုးရအတွက် အဟန့်အတားဖြစ်စေလျက်ရှိကြောင်း၊ သို့သော် တစ်ဖက်တွင်လည်း တရုတ်တို့၏ ထိုင်ဝမ်အား တိုက်ခိုက်နိုင်ဖွယ်ရှိနေသည်မှာလည်း ပို၍ခိုင်မာလာကြောင်း ဘန်းစ်က တနင်္ဂနွေနေ့က အင်တာဗျူးတွင် ပြောခဲ့သည်။

Source:AP