CNI International News

နယူးယောက်၊ ဧပြီ ၅

နယူးယောက်မြို့၊ ကုလသမဂ္ဂ(UN) လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အရပ်သားများကို ရုရှားတပ်များ တမင်တကာ သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ စစ်ပွဲဆိုင်ရာ မိန့်ခွန်းတစ်ရပ်ကို ဧပြီ ၅ ရက် (ယနေ့)၌ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး ပြောကြားမည်ဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။

မြို့တော် ကိယက်ဗ် ဆင်ခြေဖုံးရှိ မြို့တစ်မြို့မှ ရုရှားတပ်များ ပြန်လည် ဆုတ်ခွာပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ်ခံရသူ များ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရပြီးနောက် ရုရှားအစိုးရထံတွင် တာဝန်ရှိကြောင်း တကမ္ဘာလုံး ဒေါသတကြီးဖြင့် အပြစ် တင် ရှုတ်ချခဲ့ ကြသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်၊ ၎င်း၏ နိုင်ငံရေးဆိုင်ရာအကြီးအကဲ ရို့စ်မေရီဒီကာလို (Rosemary DiCarlo) နှင့် လူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲ မာတင်ဂရစ်ဖ် (Martin Griffiths) တို့သည် မော်စကိုမြို့၌ ဧပြီ ၄ ရက်တွင် ရုရှားအဆင့်မြင့် အရာရှိများနှင့်တွေ့ဆုံခဲ့ပြီးနောက် မကြာမီ ယူကရိန်းသို့ ဆက်လက် သွားရောက်ကြမည် ဖြစ်သည်။

အဆိုပါ ၎င်းတို့ခရီးစဉ်နှင့် တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ၏ ဩဇာအကြီးဆုံး လုံခြုံရေးကောင်စီ အစည်းအဝေး၌ ယူကရိန်း သမ္မတ ဇာလန်းစကီးက ဗွီဒီယိုခေါ်ဆိုမှုဖြင့် မိန့်ခွန်းပြောကြားရန် စီစဉ်ခဲ့သည်။

ဘူချာမြို့က အရပ်သား သေဆုံးမှုများ(AP)

ဘူချာမြို့ လမ်းမများပေါ်တွင် အရပ်သားများဟု ယူဆရသော အလောင်းများကို တွေ့ခဲ့ရာ အလောင်းအချို့တွင် လက်ပြန်ကြိုး တုပ်ထားသည့် ဗွီဒီယိုများနှင့်ဓာတ်ပုံများ ပျံ့နှံ့သွားခဲ့ရာ ရုရှားကို တကမ္ဘာလုံး ဆန့်ကျင်ရှုတ်ချစရာ ဖြစ်လာခဲ့သည်။

ထို့နောက် ရုရှားနိုင်ငံအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှု ထပ်မံချမှတ်ရန်နှင့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီ ဝင်အဖြစ်မှ ဆိုင်းငံ့ထားရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။

အဆိုပါ အရပ်သား ၄၁၀ ဦး၏ ရုပ်အလောင်းများကို ဘူချာမြို့နှင့် တခြား ကိယက်ဗ်မြို့ ဆင်ခြေဖုံးများတွင် ဖယ်ရှားရှင်းလင်း ခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းအစိုးရရှေ့နေချုပ် အီရာနာဗီနီဒစ်တိုဗာ (Iryna Venediktova)၏ ပြောကြားချက်အရ သိရသည်။

မြို့တော်၏ အနောက်မြောက်ဘက်ရှိ ဘူချာမြို့ငယ်တဝိုက်က နေရာမျိုးစုံတွင် ရုပ်အလောင်း ဆယ်ဂဏန်းမျှ အေပီ သတင်း ထောက်များက တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သတင်းဖော်ပြပြီး ဖြစ်သည်။

Source: AP