CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၅

လူပုဂ္ဂိုလ်ကို တိုက်ရိုက် ရည်ရွယ်တိုက်ခိုက်ခြင်းသည် အဓိပ္ပာယ်ရှိကောင်းရှိမည်ဖြစ်သော်လည်း တရားမဲ့ လက်နက်မဲ့ မသက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်းသည် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုပင် ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ယနေ့(ဧပြီ ၅ ရက်) ဗထူးတပ်နယ်မှ သင်တန်းနည်းပြများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “မိမိဆန္ဒနှင့်မကိုက်ညီ၍ မကျေနပ်ပါက အဆိုပါအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို တိုက်ရိုက် ရည်ရွယ် တိုက်ခိုက်ခြင်းသည် အဓိပ္ပာယ်ရှိကောင်း ရှိမည်ဖြစ်သော်လည်း တရားမဲ့ လက်နက်မဲ့ မသက်ဆိုင်သူများ၊ အဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်းသည် လူသာမဆန်သော ပြစ်မှုကျူးလွန်မှုပင်ဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ တရားမဲ့ လုပ်ဆောင်နေသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်း၍ ဆက်လက်ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများလိုလားသည့် လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၄ ရက် ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံ၊ သင်တန်းသားများကို တွေ့ရစဉ်

တရားမဲ့ လက်နက်မဲ့ မသက်ဆိုင်သူများကို တိုက်ခိုက်ခြင်းဆိုသည်မှာ တပ်မတော်ကိုလည်း မေးခွန်းထုတ်စရာရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များက တရားမဲ့ ဖမ်းဆီးမှုများ ရှိခဲ့ခြင်းနှင့် လက်နက်မဲ့ ပြည်သူများကို တိုက်ခိုက်ခဲ့ခြင်းအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့် ဖြေရှင်းပေးရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသော ကတိဖြင့် ပြည်သူလူထုကို ဆွဲဆောင် နိုင်မည်ဟုမထင်မိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

၎င်းက “တရားမဲ့ လက်နက်မဲ့သူကို တိုက်ခိုက်မှုလုပ်တာမကောင်းဘူးဆိုတာ မှန်ပါတယ်။ဒါပေမယ့် တပ်မတော်ဘက်က လည်း အဲဒါကို တကယ် လေးလေးနက်နက် အောက်လက်ငယ်သားတွေကို ကိုင်တွယ်ဖို့လိုတယ်။ အောက်ခြေမှာ အားလုံး သိတဲ့အတိုင်းပဲ တရားမဲ့ ပြုကျင့်တာတွေရှိသလို  လက်နက်မဲ့ ပြည်သူတွေကို တိုက်ခိုက်ခဲ့တာတွေလည်းရှိတယ်လေ။ ကိုယ့်ဘက်က အခြေအနေကိုလည်း တာဝန်ယူမှု တာဝန်ခံမှုနဲ့ထိန်းကြောင်းဖို့လိုတယ်။ ပြီးတော့ ရွေးကောက်ပွဲ ကျင်းပပေး မယ်၊ ပြီးရင် နိုင်ငံတဲ့ပါတီကို အာဏာလွှဲပေးမယ်ဆိုတာက ပြည်သူလူထုကို မဆွဲဆောင်ဘူး။ ဘယ်ကာလမှာ ဘယ်ပုဒ်မ တွေပြင်မယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်အချိန်မှာ ဘယ်အဆင့်ရောက်အောင် တည်ဆောက်မယ်။ အခု ဘယ် ကာလအတွင်းမှာ စစ်တပ်က နိုင်ငံရေးက ဘယ်အတိုင်းအတာထိ ဆုတ်ပေးမလဲ ဒါတွေ အာမခံ အကောင်အထည်ဖော်ဖို့ လိုပါတယ်”ဟု ပြောသည်။

တပ်မတော်ဖြုတ်ချရေး ကြိုးပမ်းနေသော PDF တပ်ဖွဲ့၀င်များ

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတော်၏အကျိုး၊ တပ်မတော်၏ အကျိုးကို စည်းလုံးညီညွတ်စွာဖြင့် စိန်ခေါ်မှုများနှင့် အခက် အခဲ အမျိုးမျိုးတို့အား အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားသွားကြရမည်ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ NLD အစိုးရမှ မဲစာရင်း အငြင်းပွားမှုကို မဖြေ ရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ နိုင်ငံတော်ကို အရေးပေါ် ကြေညာ၍ နစကကို ဖွဲ့စည်းပြီး အုပ်ချုပ်လျက် ရှိနေသည်။

အဆိုပါ တပ်မတော်၏ ဆောင်ရွက်ချက်ကို ဒီမိုကရေစီအင်အားစုများက နိုင်ငံတဝန်း ကန့်ကွက် ဆန္ဒပြခဲ့ကြသလို တပ်မတော်အား ပြန်လည် ဖြုတ်ချနိုင်ရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိနေသည်။

ထို့နောက် လက်နက်ကိုင် ပဋိပက္ခများ နိုင်ငံအနှံ့ ဖြစ်ပွားလာခြင်းနှင့်အတူ နိုင်ငံသား တချို့မှာ ဒလန်ဟု စွပ်စွဲခံရပြီး သတ်ဖြတ်ခံရမှုများ ကြုံတွေ့နေကြရသည်။