CNI International News

ဝယ်လင်တန်၊ မတ်လ ၂၁

နယူးဇီလန်နိုင်ငံက ယူကရိန်းကို လူသေစေနိုင်သော လက်နက်မဟုတ်သည့် စစ်ရေးအကူအညီအဖြစ် နယူးဇီလန် ဒေါ်လာ ၅ သန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၆ သန်း)နှင့် အခြားပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း မတ်လ ၂၁ ရက် (ယနေ့)တွင် ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်က စတင်ကျူးကျော်လာခဲ့တဲ့ ရုရှားတပ်များကို ယူကရိန်းခုခံတိုက်ခိုက်ဖို့ လောင်စာဆီ၊ ရိက္ခာ၊ ဆက်သွယ် ရေး ကိရိယာများနှင့် ရှေးဦးသူနာပြု အသုံးအဆောင်များကို မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) ရန်ပုံငွေအဖြစ် ထောက်ပံ့ ကူညီသွားမည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်းက ပြောကြားခဲ့သည်။

“ယူကရိန်းမှာ ဖြစ်ပျက်နေတာတွေဟာ နိုင်ငံတကာ စည်းမျဉ်းအခြေခံတွေကို အကြီးအကျယ် အနှောင့်အယှက်ပေးတယ်လို့ ကျမတို့ ယူဆပါတယ်။ အဲဒီအဖြစ်အပျက်တွေက ကျမတို့အားလုံးအပေါ် သက်ရောက်တာကြောင့် အခုလို အစီအမံတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်း ပျက်စီးမှု(GETTY IMAGES)

နယူးဇီလန် ကာကွယ်ရေးတပ်ဖွဲ့သည် ယူကရိန်း လိုအပ်ချက်ထက် ပိုလျှံစွာအသုံးပြုနိုင်ရန် စစ်သုံးချပ်ဝတ်တန်ဆာများ၊ စစ် ခမောက်များ၊ အင်္ကျီများနှင့် နည်းဗျူဟာဆိုင်ရာ ပစ္စည်းကိရိယာများ ပံ့ပိုးသွားရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သို့ဖြစ်၍ ယူကရိန်းသို့ နယူးဇီလန်၏ အကူအညီမှာ စုစုပေါင်း နယူးဇီလန်ဒေါ်လာ ၁၁ သန်း ရှိမည်ဟု သိရသည်။

နယူးဇီလန်သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားပြီး ယူကရိန်းနိုင်ငံသားများအတွက် အထူးဗီဇာကိုလည်း ခွင့်ပြုသွားမည်ဖြစ်သည်။

ရုရှားကတော့ ယူကရိန်းတွင် ၎င်း၏လုပ်ရပ်ကို အထူးစစ်ဆင်ရေးဟု ပြောကြားလျက်ရှိနေသည်။

Source: Reuters