CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၁

မွန်ညီညွတ်ရေးပါတီ(MUP)အနေဖြင့် နစကနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသည့်အတွက် ဝေဖန်မှုများ ရှိနေသော်လည်း လက်ရှိ မူဝါဒအတိုင်းသာ ဆက်လက် လျှောက်လှမ်းသွားရန် ဆုံးဖြတ်ထားကြောင်း MUP ၏ အထွေထွေအတွင်းရေးမှူး နိုင်စံတင်က CNI သတင်းဌာနသို့ ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် နစကတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည့်အတွက် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ၆၁ ဦးအနက် ၁၀ ဦးထိ နုတ်ထွက်သွားခဲ့ကာ၊ ဗဟိုကော်မတီဝင်များ၊ မြို့နယ် အလုပ်အမှုဆောင်များ၊ ပါတီဝင်များ နုတ်ထွက်မှုများ ရှိခဲ့သည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီ (MUP) အနေနှင့် နစကအဖွဲ့ဝင် တစ်ဦးနှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၌ အဖွဲ့ဝင် တစ်ဦး ပါဝင်နေသည်။

နိုင်စံတင်က “ကျနော်တို့ ပြည်နယ်အခြေအနေနဲ့ တခြားပြည်နယ် အခြေအနေ မတူဘူးလေ၊ မတူတဲ့ အခါကျတော့ အများစု ဆန္ဒကို ကျနော်တို့ လိုက်နာရမယ်၊ အဓိကက ပြည်သူလူထု မနစ်နာဖို့ဘဲ သူတို့ အေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်ဖို့အတွက် ကျနော်တို့ အဓိကရည်ရွယ်ပြီးတော့ ကျနော်တို့ ဝေဖန်ထိပါစေ ကျနော်တို့ ဒီအတိုင်းပဲ ဆက်လျှောက်ဖို့သင့်တယ်လို့ လော လောဆယ်တော့ ကျနော်တို့ အဲဒီလိုပဲ ဆုံးဖြတ်ထားတယ်”ဟု ပြောသည်။

ထို့ပြင် မွန်ညီညွတ်ရေးပါတီသည် လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွင် ဆွေးနွေးညှိနှိုင်း အဖြေရှာသည့် နည်းလမ်းကိုသာ သွားရန် ဆုံးဖြတ်ထားပြီး မွန်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်လာမည်ကို မလိုလားကြောင်း ၎င်းက ပြောသည်။

MUP ပါတီ ဥက္ကဋ္ဌအသစ် နိုင်မြင့်ဆွေ (ခေါ်) နိုင်လဝီအောင်

နိုင်စံတင်က “ကျနော်တို့ပါတီရဲ့ ရှေ့ဆက်မယ့် လမ်းစဉ်ကတော့ အဓိက ဒီနိုင်ငံ အေးချမ်းသာယာဖို့ ဆိုရင်တော့ ဒီလက်နက် ကိုင် ပဋိပက္ခတွေ ဖြေရှင်းဖို့ အရမ်းလိုအပ်တယ်၊ ဖြေရှင်းတဲ့ နေရာမှာလည်း ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာထုတ်ဖို့ နည်း လမ်းကိုသုံးဖို့ သင့်တာပေါ့နော်၊ ကျနော်တို့ အဲဒီလို ချမှတ်ထားတယ်၊ နောက်ပြီးတော့ ဒီနိုင်ငံကို ဆက်ပြီးတော့ ဖွံ့ဖြိုးတိုးတက် စေရင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်နဲ့ သွားဖို့သင့်တာပေါ့” ဟု ပြောသည်။

ထို့နောက် မွန်ညီညွတ်ရေးပါတီ (MUP)သည် နုတ်ထွက်သွားသော ကိုယ်စားလှယ်များနှင့် သေဆုံးသွားသော ခေါင်းဆောင် များရှိသည့်အတွက် ပါတီညီလာခံကို မတ်လ ၁၈ ရက်မှ ၂၀ ရက်ထိ သုံးရက်ကြာ ကျင်းပ၍ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အသစ် ပြန်လည် ရွေးချယ်ခဲ့သည်။

အဆိုပါ ညီလာခံကနေ မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌအသစ် အဖြစ် ပြည်နယ် ဝန်ကြီးဟောင်းဖြစ်သူ နိုင်မြင့်ဆွေ (ခေါ်) နိုင်လဝီ အောင်ကို ရွေးချယ်ခဲ့သည်။ အဆိုပါ နိုင်မြင့်ဆွေ (ခေါ်) နိုင်လဝီအောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်းလည်း ဖြစ်ခဲ့သလို မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မွန်ပြည် သစ်ပါတီ (NMSP) တွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။

ထို့ပြင် ပါတီ ဒုဥက္ကဋ္ဌ (၁) အဖြစ် နိုင်တလညီ၊ ဒုဥက္ကဋ္ဌ (၂) အဖြစ် နိုင်ချမ်းတွဲ့တို့အား ရွေးချယ်ခဲ့ကြောင်း၊ အထွေထွေ အတွင်း ရေးမှူးအဖြစ် နိုင်စံတင်၊ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယီတမ နှင့် တွဲဖက်အတွင်းရေးမှူး (၂) မိစန္ဒာနွန်တို့ကို ရွေးချယ်ခဲ့ ကြောင်း မွန်ညီညွတ်ရေးပါတီထံမှ သိရသည်။

အဆိုပါ ကိုယ်စားလှယ် ရွေးချယ်မှုနှင့်ပတ်သက်ပြီး မွန်နိုင်ငံရေး အသိုင်းအဝန်းတွင် ဝေဖန်မှုများ ရှိနေသည်။

မွန်ညီညွတ်ရေးပါတီ(MUP)ကို ၂၀၁၉ ခုနှစ်အတွင်းက မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ပြည်သစ်ပါတီ(NMSP)ဟောင်းများ ပူးပေါင်းကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။