CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၂

ဘင်္ဂါလီလူမျိုးများအပေါ် တပ်မတော်မှ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန်၏ကြေညာချက်အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ကြိုဆိုကြောင်း KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောသည်။

၂၀၁၇ ခုနှစ်က ဘင်္ဂါလီများအပေါ် မြန်မာတပ်မတော်က လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide)နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မတ်လ ၂၁ ရက်တွင် ကြေညာခဲ့သည်။

မိမိတို့ ကရင်လူမျိုးများ ဖြတ်ကျော်ခဲ့ရသည့် ဖြတ်လေးဖြတ် စစ်ဆင်ရေးဆိုသည်မှာ နှစ်ပေါင်း အတော်ကြာလာပြီဖြစ် ကြောင်း၊ ၁၉၄၇ ခုနှစ်ကစပြီး ခါးသီးလှသည့် အတွေ့အကြုံများရှိခဲ့၍ ကိုယ်ချင်းစာမိကြောင်း ပဒိုစောတောနီးက ပြောသည်။

ပဒိုစောတောနီးက “အဲဒါကြောင့်မို့ ဒါတွေက ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုဟာမျိုးတွေက ထက်ခါထက်ခါ ဖြစ်သွားမယ်ဆိုတာ မကောင်းပါဘူး။ ကျနော်ပြောချင်တာက ရိုဟင်ဂျာပေါ့နော်၊ လူမျိုးသုဉ်းသတ်ဖြတ်မှု တစ်ခုတည်းမှ မဟုတ်ဘူး။ ကျနော်တို့ တိုင်းရင်းသားဒေသမှာ ဖြစ်ခဲ့တဲ့ ကချင်ဘက်မှာရော၊ ချင်းဘက်မှာရော၊ ဒီရှမ်းဘက်မှာရော၊ ကရင်၊ ကရင်နီနဲ့ ကျနော်တို့က ဒီလိုဟာမျိုးတွေက အလားတူပဲ ဖြစ်ခဲ့တယ်ဆိုတာ ကျနော်တို့က ၂၀၁၇ ကတည်းက ထုတ်ပြန်ကြေညာချက် ထုတ်ထားပြီး သားပါ။ ဆိုတော့ အဲဒီ အနေအထားမျိုးမှာတော့ ကျ‌နော်တို့ကတော့ ကြိုဆိုရမှာပေါ့လေ။ ကြိုနေရုံနဲ့ မကဘူး ဒီဟာလက်တွေ့ အကောင်အထည်ဖော်တဲ့ လုပ်ရပ်တွေလည်း လိုက်ပါလာဖို့ လိုတယ်ဆိုတာ ဒီနေ့ ဒီကာလမှာ စစ်ကောင်စီကို ကျနော်တို့ ဆန့် ကျင် တိုက်ခိုက်နေတဲ့ အနေအထားမျိုးမှာတော့ ဒါက ပြတ်ပြတ်သားသား ရပ်တည်ဖို့ လိုတယ်လေ၊ စိတ်ဓာတ် ရေးရာအရ ထောက်ခံတယ်ဆိုတာ ကျနော်တို့ ဝမ်းသာပါတယ်၊ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်တဲ့အခါမှာ ဒီစိတ်ဓာတ်‌ ရေးရာတစ်ခုတည်းနဲ့ မပြည့်စုံပါဘူး”ဟု ပြောသည်။

ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာနေကြစဉ်

အဆိုပါ လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် ဘင်္ဂါလီများကို ကိုယ်ချင်းစာကြောင်း၊ မိမိတို့ KNU အနေဖြင့်လည်း လူမျိုးသုဉ်း သတ်ဖြတ်မှုကို ဆန့်ကျင်ကြောင်း ၂၀၁၇ ကတည်းက ထုတ်ပြန်ထားဟု ၎င်းက ပြောသည်။

အမေရိကန် အနေဖြင့် ကမ္ဘာ့အခင်းအကျင်းတွင် အဘက်ဘက်မှ ကျဆင်းနေသည့် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထွက်ပေါက် တစ်ခုအနေဖြင့် သိက္ခာဆယ်သည့် ပုံစံမျိုးလုပ်သာ ဖြစ်သည်ဟု ယူဆကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

ဦးသိန်းထွန်းဦး “မြန်မာနဲ့ ပတ်သက်ပြီးတော့ တစ်ဖက်သတ် သူတို့လုပ်ချင်သလိုလုပ်တဲ့ ကြေညာချက်မျိုးတွေ ထုတ်တာက‌‌ တော့ ရိုးနေပြီပေါ့နော်၊ သူတို့ရဲ့ ထုံးစံပါပဲ။ ဒါပေမယ့် ဒီတစ်ခါ ထုတ်တဲ့ဟာက နည်းနည်းထူးဆန်းတယ်၊ ကျနော်တို့ အခုလက် ရှိ ကမ္ဘာ့အခင်းအကျင်းနဲ့ ပြန်ကြည့်မယ်ဆိုရင် ဒီရုရှား - ယူကရိန်း အရေးအခင်းမှာ သူတို့ သိက္ခာကျသွားတာ တစ်ပိုင်းရှိတယ်၊ ပြောရရင်တော့ နေတိုးအဖွဲ့ကြီး တစ်ဖွဲ့လုံးကိုယ်စားရဲ့သိက္ခာ မရှိသလောက် ဖြစ်သွားတာပေါ့၊ အဲဒါက တစ်ပိုင်း၊ နောက် တစ် ချက်က ဒီအီရန်ကနေပြီးတော့ ဒုံးတွေနဲ့ ပစ်ပြီး‌တော့ အမေရိကန်သံရုံးကို ရန်စလိုက်တဲ့ကိစ္စ ဒါလည်းသူ မရှင်းနိုင်ဘူး၊ နောက် ပိုဆိုးတာက ရုရှား - ယူကရိန်းအရေးမှာ ရေနံအကျပ်အတည်း ဖြစ်လာတဲ့အခါမှာ ရေနံရောင်းဖို့အတွက် အရှေ့အလယ်ပိုင်း နိုင်ငံတွေထဲကနေ သူသွားညှိတယ်၊ အဲဒါလည်း မရခဲ့ဘူး။ အဲတော့ ဆိုလိုတာကတော့ အဖက်ဖက်ကနေ အောင်မြင်မှုတွေကို နောက်ဆုံးတော့ မြန်မာနိုင်ငံဖက်ကို လှည့်ပြီး‌တော့ ထွက်ပေါက်တစ်ခုအနေနဲ့ သိက္ခာဆယ်တဲ့ ပုံစံမျိုးလုပ်တယ်လို့ ကျနော်တို့ ယူဆပါတယ်”ဟု ပြောသည်။

ICJ မှာ နစက ကိုယ်စားလှယ် သွားရောက်ဖြေရှင်းစဉ်

လူမျိုးသုဉ်း သတ်ဖြတ်သည်မှာ သက်သေ အထောက်အထားမရှိပဲ ရမ်းသမ်း၍ စွပ်စွဲသည့် လုပ်ရပ်မျိုးဖြစ်ကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က တပ်မတော်၏ နယ်မြေရှင်းလင်းမူ နောက်ပိုင်း ဘင်္ဂါလီအများစု အိုးအိမ်စွန့်ခွာ၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ ထို့နောက် တပ်မတော်မှ ဘင်္ဂါလီများအ‌ပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံကလည်း နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ လူမျိုးသုဉ်း သတ်ဖြတ်သည်ဟုဆိုကာ မြန်မာနိုင်ငံကို တရားစွဲထားခြင်းကြောင့် အမှုရင်ဆိုင်ဖြေရှင်းနေရသည်။