CNI International News

ဝါရှင်တန်၊ မတ်လ ၂၂

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်အစိုးရထံတွင် ဇီဝနှင့်ဓာတု လက်နက်များရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် သက်သေ အထောက်အထား မပြနိုင်ဘဲ စွပ်စွဲနေသည်ဟု အမေရိကန်သမ္မတ ဘိုင်ဒန်က ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းအစိုးရထံတွင် ဇီဝနှင့်ဓာတု လက်နက်များရှိကြောင်း ရုရှား၏ မဟုတ်မမှန်စွပ်စွဲချက်သည် ယူကရိန်းကို တိုက်ခိုက်ရာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ထိုးနှက်ချက်တစ်ခုအနေဖြင့် အသုံးချနေသည်ဟု ဘိုင်ဒန်က ဆက်ပြောသည်။

“ပူတင်ဟာ သူ့နောက်ကျော မလုံတာနဲ့ သူတည်ဆောက်နေတဲ့ အယောင်ပြလှုပ်ရှားမှုတွေ ပြောနေတာဖြစ်ပါတယ်။ အမေရိကန်ဟာ ဥရောပ ဇီဝနဲ့ဓာတုလက်နက် လာထားနေတယ်လို့ သူပြောနေတာတွေ မမှန်ဘူးဗျ” ဟု ဘိုင်ဒန်က စီးပွားရေးဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့ကြောင်း ရိုက်တာက ဖော်ပြထားသည်။

“ယူကရိန်းမှာ ဇီဝနဲ့ဓာတုလက်တွေ ရှိတယ်လို့ သူပြောနေတယ်ဗျ။ တကယ်က ယူကရိန်းမှာ အဲဒီလက်နက်တွေ သူချသုံးဖို့ စဉ်းစားနေတဲ့သဘော ထင်ရှားတဲ့လက္ခဏာပါပဲ” ဟု ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်(AP)

အဆိုပါ သတင်းနှင့်ပတ်သက်၍ ဝါရှင်တန်ရှိ ရုရှားသံရုံးကို သဘောထား မှတ်ချက်ပေးရန် ရိုက်တာက ဆက်သွယ်ခဲ့သော် လည်း လတ်တလော တုံ့ပြန်ခြင်း မရှိသေးပေ။

ယူကရိန်းတွင် ဇီဝနှင့်ဓာတု လက်နက်ရှိနေကြောင်း ရုရှားဘက်မှ သက်သေမပြနိုင်ဘဲ စွပ်စွဲလာခဲ့ရာ အမှန်တကယ်တွင် ယင်းသို့လက်နက်မျိုး သုံးစွဲရန် အလားအလာရှိနေသူမှာ ရုရှားသာဖြစ်ကြောင်း ဝါရှင်တန်နှင့် မဟာမိတ်နိုင်ငံများမှ အစိုးရ အရာရှိများ၏ တုံ့ပြန် ချေပမှုကို ယခုကဲ့သို့ ဘိုင်ဒန်က ထပ်လောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၄ ရက်၌ စတင်ခဲ့သော ယူကရိန်းသို့ ကျူးကျော်စစ်တွင် ကိယက်ဗ်အစိုးရအနေဖြင့် ဓာတုလက်နက်များ သုံးစွဲခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက အထောက်အထား မပြနိုင်ဘဲ စွပ်စွဲခဲ့သည်။

ယူကရိန်းစစ်သား တစ်ဦးကိုတွေ့ရစဉ်(GETTY IMAGES)

ယခုလ အစောပိုင်းတွင် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျက်ဆူလီဗန်သည် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေး မှူး နီကိုလေး ပါထရူရှက်ဗ်နှင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် “ယူကရိန်း၌ ဓာတု (သို့မဟုတ်) ဇီဝလက်နက်နှင့်ပတ်သက်၍ ရုရှား၏ သုံးစွဲနိုင်ခြေ ဆုံးဖြတ်ချက် မှန်သမျှအတွက် နောက်ဆက်တွဲ အကျိုးဆက်များ ရှိမည်ဖြစ်ကြောင်း” ထည့်သွင်း သတိ ပေးခဲ့သည်။

မည်သို့သော အကျိုးဆက်များ ဖြစ်လာမည်ကိုမူ အိမ်ဖြူတော်က ထုတ်မပြောပေ။

မတ်လ ၁၉ ရက်၌ အသံထက်မြန်သော ဒုံးကျည်ဖြင့် ယူကရိန်းလက်နက် သိုလှောင်ရုံကို ရုရှားပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ကို ဘိုင်ဒန်က သိရှိကြောင်း အတည်ပြုခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်ခြင်း အကျိုးသက်ရောက်မှုကို မသိရသေးကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Source: Reuters