CNI International News

အော်တဝါ၊ မတ်လ ၂၂

ကနေဒါနိုင်ငံတွင် ဝန်ကြီးချုပ် ဂျက်စတင်ထရူဒျူး၏ လစ်ဘရယ်ပါတီနှင့် အတိုက်အခံ ဒီမိုကရေစီသစ်(NDP) ပါတီတို့သည် ထရူဒျူး၏ လစ်ဘရယ်များ ၂၀၂၅ ခုနှစ်အထိ အာဏာဆက်လက်ထိန်းသိမ်းနိုင်စေရေး အကြို သဘော တူညီချက်တစ်ရပ်ကို ရရှိခဲ့ကြောင်း ကနေဒါအစိုးရအဆင့်မြင့်အရာရှိတစ်ဦးက မတ်လ ၂၁ ရက်၊ ညပိုင်း တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

အဆိုပါသဘောတူညီချက်တွင် NDP လွှတ်တော်ကိုယ်စားလှယ်များ၏ အတည်ပြုချက်လိုနေသေးသော်လည်း ပါတီနှစ်ပါတီစလုံးမှ ခေါင်းဆောင်များ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ သို့သော် ၎င်းအရာရှိ၏အမည်ကိုတော့ အေပီက ထုတ်ဖော်ရေးသားခြင်း မရှိပေ။

လက်ရှိဝန်ကြီးချုပ်၏ လစ်ဘရယ်ပါတီသည် ယမန်နှစ် စက်တင်ဘာလတွင် ပြန်လည်ရွေးကောက်ခံခဲ့ရသော် လည်း လွှတ်တော်တွင် အမတ်နေရာအများစု အနိုင်ရရှိရေးမှာ လိုအပ်ချက်ရှိနေ၍ ဥပဒေပြုသည့်အခါ အတိုက် အခံများကို အားကိုးရမည်ဖြစ်သည်။

လက်ဝဲဝါဒီများ ကြီးစိုးသော NDP ပါတီသည် ထရူဒျူးအစိုးရ၏ ဆေးဝါးနှင့်သွားဘက်ဆိုင်ရာ စောင့်ရှောက်ရေး အစီအစဉ်များဖြင့် ယခုသဘောတူညီချက်များကို အလဲအလှယ်လုပ်ခြင်းအပေါ် ထောက်ခံသော်လည်း ထရီဒျူး၏ ကက်ဘိနက်(ဝန်ကြီး)အဖွဲ့တွင် ဥပဒေပြုအမတ်တစ်ဦးတလေမှ ရှိမည်မဟုတ်ကြောင်း ၎င်းအရာရှိက ဆက်လက် ရှင်းပြခဲ့သည်။

“NDP နဲ့ လစ်ဘရယ်တို့ရဲ့ ညွန့်ပေါင်းအဖွဲ့ဟာ အာဏာဆက်ပြီး ဆုပ်ကိုင်ထားဖို့ ထရူဒျူးရဲ့ အပြင်းအထန် ကြိုးပမ်းမှုတစ်ခုပဲ ဖြစ်ပါတယ်” ဟု ယာယီကွန်ဆာဗေးတစ်ခေါင်းဆောင် ကန်ဒစ်ဘန်ဂန်က ထုတ်ပြန်ချက် တစ်စောင်တွင် ပြောကြားထားသည်။ ၎င်းသည် အစောပိုင်းက တွစ်တာလူမှုကွန်ရက်တွင် “ဘုရားသခင် … ကျနော်တို့အားလုံးကို ကူညီမ,စပါ” ဟူ၍ ရေးသားခဲ့သည်။

၎င်းအား ဝေဖန်သူများက လစ်ဘရယ်ဆန်ဆန်ရေပေါ်ဆီ(အီလိုက်)အလွှာဟု တံဆိပ်ကပ်ခြင်းခံရသော ထရူဒျူး သည် ယခုနှစ်အစောပိုင်း၌ ရက်သတ္တ ၃ ပတ်ကြာ မြို့တော်အော်တဝါကို ပိတ်ဆို့ဝန်းရံခဲ့ကြသည့် ကိုဗစ် ကာကွယ် ဆေး ဆန့်ကျင်ရေးဆန္ဒပြသူများနှင့် ထရပ်ကားသမားများ၏ ကန့်ကွက်မှုကို ကြုံခဲ့ရသည်။

ဆန္ဒပြသူအချို့က ထရူဒျူးအစိုးရ ဆင်းပေးဖို့ တောင်းဆိုခဲ့ကြသော်လည်း ထရူဒျူးကတော့ ဆန္ဒပြသူအများစုသည် သတင်းအမှားနှင့်ပူးပေါင်းကြံစည်မှု ရောယှက်၍ ကာကွယ်ဆေးဆန့်ကျင်ရေး လှုံ့ဆော်မှုသာဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။

ထရူဒျူးသည် ၂၀၁၅ ခုနှစ်၌ အသက် ၄၃ အရွယ်တွင် အာဏာရလာခဲ့သူဖြစ်ပြီး ဒုတိယအသက်အငယ်ဆုံး ကနေဒါ ဝန်ကြီးချုပ်လည်းဖြစ်သည်။
၎င်း၏လက်ထက်တွင် ဆုတ်ယုတ်မှုများရှိခဲ့သော်လည်း နှစ်ကြိမ်ကြိမ် ရွေးချယ်ခြင်းခံခဲ့ရသည်။

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ထရူဒျူးက အလားအလာကောင်းနေပြီး ထပ်မံအရွေးချယ်ခံရ နိုင်ခြေများလျက်ရှိသည်။

Source: AP