CNI International News

ဝါရှင်တန်၊ မတ်လ ၂၉

ရုရှားသမ္မတ ဗလာဒီမာပူတင် “အာဏာဆက်မမြဲနိုင်” ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ မှတ်ချက်စကားများ သည် ထိတ်လန့်စရာကောင်းပြီး ပုဂ္ဂိုလ်ရေးအရ စော်ကားခြင်းဖြစ်သည်ဟု ကရင်မလင်သမ္မတနန်းတော်မှ ပြောခွင့် ရသူ ဒီမီထရီပက်စကော့ဗ်က မတ်လ ၂၈ ရက်တွင် တုံ့ပြန်ခဲ့သည်။

ပိုလန်နိုင်ငံ၊ ဝါဆောမြို့တွင် ဘိုင်ဒန်၏မိန့်ခွန်းအပြီး၌ အိမ်ဖြူတော်က “အမေရိကန်သမ္မတသည် ရုရှားတွင် အစိုးရ အပြောင်းအလဲကို လိုလားနေခြင်းမဟုတ်ကြောင်း၊ ပူတင်အပေါ် ၎င်း၏အိမ်နီးချင်း (သို့မဟုတ်) ဒေသတွင်း အခွင့် အာဏာကို ကျင့်သုံးရန် ခွင့်မပြုနိုင်ဟု ဆိုလိုခြင်းသာဖြစ်ကြောင်း” ထပ်မံရှင်းလင်းခဲ့ရသည်။

“ဒါဟာ အင်မတန်ကြောက်စရာကောင်းပါတယ်။ ပထမဆုံးအကြိမ် ပုဂ္ဂိုလ်ရေးအရ စော်ကားတာပါပဲ” ဟု ပက်စကော့ဗ်က မတ်လ ၂၈ ရက်၊ PBS NewsHour မီဒီယာနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။

ဘိုင်ဒန်၏မှားယွင်းပြောကြားမှုသည် အမေရိကန်ပြည်ထောင်စုအတွင်း စစ်အေးတိုက်ပွဲခံစားချက် ပဲ့တင်ထပ် စေခဲ့ပြီး “အမေရိကန်သည် ရုရှားအစိုးရအပြောင်းအလဲလိုလားနေခြင်းမဟုတ်” ဟု အိမ်ဖြူတော်ရှင်းလင်းချက်ကို အချို့က သံသယဝင်နေခဲ့ကြသည်။

ဂျာမနီနှင့်ပြင်သစ်အပါအဝင် အမေရိကန်၏ဥရောပမဟာမိတ်များကလည်း ဘိုင်ဒန်၏မှတ်ချက်စကားကို လက်မခံ နိုင်ဖြစ်ခဲ့ကြောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “၎င်းမှတ်ချက်များကို ချေပရှင်းလင်းရန်” တောင်းဆိုခဲ့ကြောင်း ရုရှားအာဘော် စပွတ်နစ်သတင်းဌာနက ရေးသားဖော်ပြသည်။

သို့သော် ဘိုင်ဒန်သည် ၎င်း၏မှတ်ချက်စကားများကို နောက်မဆုတ်၊ မရုပ်သိမ်းဘဲ မတ်လ ၂၈ ရက်တွင် ထပ်မံ ပြောကြားချက်များ၌ တစ်ဦးချင်းဒေါသကို ပြသလျက် မူဝါဒအပြောင်းအလဲ ထုတ်ဖော်လိုခြင်းမဟုတ်ဟူ၍ စောဒကတက်ခဲ့သည်။

ပူတင်နှင့်တွေ့ဆုံနိုင်ခြေနှင့်ပတ်သက်၍ ဘိုင်ဒန်က “ဒါကတော့ သူပြောချင်တဲ့အကြောင်းအရာအပေါ်မှာ မူတည်ပါတယ်” ဟု ပြောကြားခဲ့သည်။

Source: စပွတ်နစ်သတင်းဌာန