CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ဒေသကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘူးဟု SNA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်က ဖောင်းပြင်မြို့နယ်တွင် SNA နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။

ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “ဟုတ်ကဲ့ ကျနော်တို့နဲ့ ဘာမှ မဖြစ်ပါဘူးဗျာ၊ ကောလာဟလတွေ ထွက်နေတာပါ အဲတာ၊ မရှိပါဘူး၊ မရှိပါဘူးခင်ဗျ၊ ကျနော်တို့နဲ့ ပြဿနာတက်တာ ဘာမှ မရှိပါဘူးခင်ဗျ၊ ဟို စစ်ကောင်စီနဲ့ PDF နဲ့ ဖြစ်တာ ဖြစ်ပါ လိမ့်မယ်၊ ကျနော်တို့နဲ့ ဖြစ်တာ ဘာမှမရှိပါဘူးခင်ဗျ” ဟု ပြောသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် SNA နှင့် PDF တိုက်ပွဲဖြစ်ပွားသည်ဟု ပျံ့နှံ့နေသည်မှာ ကောလာဟလများသာဖြစ်ကြောင်း၊ နိုင်ငံရေး ရှုပ်ထွေးနေသည့် ကာလတွင် ယခုကဲ့သို့ သတင်းမှားဖြန့်နေခြင်းမှာ တစ်ဖက် အဖွဲ့အစည်းအား ရည်ရွယ်၍ လုပ်ခြင်း လားဆိုသည်မှ မသိရှိနိုင်ကြောင်း ၎င်းက ပြောသည်။

ပင်လည်ဘူးက PDF များ

မတ်လ ၂၆ ရက်နေ့က ဖောင်းပြင်၌ CDM ဆရာမ တစ်ဦး၏ နေအိမ်တွင် PDF များ ရောက်ရှိနေသည့်အတွက် တပ်မတော်မှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ စိုင်းအောင် (အမည်လွှဲ) က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “CDM လုပ်တဲ့ ကျောင်းဆရာ/ ဆရာမ အိမ်မှာ PDF တွေက လာတည်းထားတယ်လို့ ပြောတယ်၊ အဲတာကို စစ်တပ်က သတင်းရပြီး ဝင်စီးတာတဲ့ အဲလိုမျိုး၊ အဲမှာ အဲကျောင်း ဆရာ/ ဆရာမလည်း အဖမ်းခံရတယ်လို့ ပြောတာပဲ၊ PDF တွေက ထွက်ပြေးသွားတယ်တဲ့၊ ၂ ယောက်တော့ သေသွားတယ်လို့ ပြောတယ်” ဟု ပြောသည်။

ဖောင်းပြင်ရဲစခန်း

ဖောင်းပြင်မြို့နယ်အတွင်း SNA လှုပ်ရှားမှုရှိသော်လည်း PDF များနှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်း၊ တပ်မတော်နှင့် PDF တို့ ထိတွေ့မှုများရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က ဖောင်းပြင်မြို့နယ်အတွင်းရှိ ရဲကင်းစခန်း နှစ်ခုကို PDF များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်များနှင့်အတူ ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးသွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ခဲ့သေးသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်၊ ပင်လယ်ဘူး-ဖောင်းပြင်ဒေသအပြင် အိန္ဒိယနယ်စပ်တစ်လျှောက်နှင့် ကချင်ပြည်နယ်တို့တွင် လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ဖြစ်သည်။