CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉

ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)အား ဖောင်းပြင်မြို့နယ်အတွင်း အခွန်ကောက်ခံခြင်းမလုပ်ရန် ဖောင်းပြင်မြို့နယ် PDF ၏ ထုတ်ပြန်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရှမ်းနီအဖွဲ့အစည်းများနှင့် နိုင်ငံတကာ ရှမ်းအဖွဲ့အစည်းများမှ ယနေ့ (ဧပြီ ၂၉ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အုပ်ချုပ်မှုနယ်မြေတွင် အခွန်ကောက်ခံခြင်း မလုပ်ရန် ဖောင်းပြင်မြို့နယ် PDF မှ ဧပြီ ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။

NUG သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ရည်ညွန်းထားသည်ကို ရှမ်းနီအမျိုးသားများအနေဖြင့် နားလည်ထားရှိပြီး ပြည်ထောင်စု၏ မည်သည့်နေရာတွင် မဆို အခွန်ကော်ခံပိုင်ခွင့်ရှိကြောင်းကို နားလည်ထားသည်ဟု ဆိုသည်။

ပြည်ထောင်စုအတွင်း ဓါးမဦးချ နေထိုင်လာသည့် လူမျိုးစုတစ်ခု၏ နယ်မြေအတွင်း ယင်းလူမျိုးစု ကိုယ်စားပြုသည့် တပ်မတော်၏ လှုပ်ရှားဆောင်ရွက်ခွင့်အား ကန့်သတ်ခြင်း၊ နယ်မြေထိန်းချုပ် လိုခြင်းသည် တန်းတူညီမျှခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် စသည့် ဖက်ဒရယ်၏ အခြေခံလမ်းစဉ်များနှင့် သွေဖီနေသည်ကို တွေ့ရှိရသဖြင့် မိမိတို့ ရှမ်းနီအမျိုးသား တစ်ရပ် လုံးအနေဖြင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။

ဖောင်းပြင် PDF အဖွဲ့အမှတ်တံဆိပ်

ရှမ်းနီ လူမျိုးများအနေဖြင့် စစ်အာဏာရှင် တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြဆဲဖြစ်ကာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မြစ်ကြီးနား၊ မိုးညှင်း စသည့်မြို့ကြီးများနှင့် ရှမ်းနီဒေသများတွင် ကန့်ကွက် သပိတ်စစ်ကြောင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကချင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များတွင် အသက် ပေး၍ တာဝန်ထမ်းဆောင်နေကြသည့် ရှမ်းနီအမျိုးသားလူငယ် မြောက်များစွာရှိကြောင်း ဆိုသည်။

ရှမ်းနီအမျိုးသားများသည့် စစ်အာဏာရှင် တော်လှန်ရေးတွင် ကဏ္ဍပေါင်းစုံမှ ပုံစံများစုံဖြင့် ပါဝင်နေသော်လည်း အနာဂတ် ဖက်ဒရယ်နိုင်ငံတော်တွင် မိမိတို့ ရှမ်းနီအမျိုးသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ဆောင်မည့် အမျိုးသားတပ်မတော်မှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တစ်ခုတည်းသာ ဖြစ်သည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရှမ်းအဖွဲ့အစည်းများထုတ်ပြန်ချက်

NUG ၏ လက်နက်ကိုင် တပ်တစ်ခုဖြစ်သည့် ဖောင်းပြင် PDF သည် မီဒီယာအသာစီး ရမှုအားကိုယူ၍ SNA အား တပ်မတော် (စစ်အုပ်စု)နှင့် ပူးပေါင်းနေသယောင်ဖြင့် ပြည်သူလူထု အထင်အမြင် လွဲမှားစေမည့် အသုံးအနှုန်းများ ပါဝင်သည့် ကြေညာ ချက်အား မိမိတို့ ရှမ်းနီတစ်မျိုးသားလုံးအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်၊ ပင်လယ်ဘူး-ဖောင်း ပြင် ဒေသအပြင် အိန္ဒိယနယ်စပ်တစ်လျှောက်နှင့် ကချင်ပြည်နယ်တို့တွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။