CNI International News

ပေါ့အော်ပရင့်စ်၊ ဧပြီ ၂၉

ဟေတီနိုင်ငံ၏မြို့တော် ပေါ့အော်ပရင့်စ်ရှိ တစ်ချိန်က တိတ်ဆိတ် ငြိမ်သက်နေခဲ့သော ရပ်ကွက်တစ်ခု၌ ဧပြီ ၂၈ ရက်တွင် သေနတ်သံများ ပြင်းထန်စွာ ပဲ့တင်ထပ်ခဲ့ပြီး အုပ်စုဖွဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးကာ ဆယ်ဂဏန်းမျှ ဒဏ်ရာရခဲ့ကြောင်း၊ ယခုသီတင်းပတ်အတွင်း ထောင်နှင့်ချီသော ဒေသခံများ နေအိမ်စွန့်ခွာ၍ ထွက်ပြေးခဲ့ရကြောင်း အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။

ဒုစရိုက်ဂိုဏ်းသားများ လက်ချက်ကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများသည် ၎င်းတို့၏ သားသမီးများကို လက်ဆွဲလျက် လက်လှမ်းမီရာ အသုံးအဆောင်ပစ္စည်း အနည်းငယ်ကို ခေါင်းပေါ်ရွက်ရင်း တိမ်းရှောင်ခဲ့ကြရသည်။

ပေါ့အော်ပရင့်စ်မြို့၏ မြောက်ဘက်ရှိ ခရိုင် ၄ ခုတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒုစရိုက်ဂိုဏ်းများက နယ်မြေပိုမို ထိန်းချုပ်ရန် ကြိုးစားလာကြသဖြင့် ရာဇဝတ် အကြမ်းဖက်မှုများ အထွတ်အထိပ် ရောက်လာခဲ့သည်။ ယမန်နှစ် ဇူလိုင်လ ၇ ရက်၌ ဟေတီ သမ္မတ ဂျိုဗီနယ်မော်စီ လုပ်ကြံ သတ်ဖြတ်ခံရပြီးနောက် ပြည်တွင်း၌ နိုင်ငံရေးအာဏာ လစ်ဟာနေခဲ့သဖြင့် ဒုစရိုက်ဂိုဏ်းများ ခေါင်းထောင် လာခဲ့ကြသည်။

“ကျမကတော့ အိမ်က ပစ္စည်းအားလုံး ဒီအတိုင်း ပစ်ထားခဲ့ရတယ်” ဟု ရပ်ကွက် တစ်ခုအတွင်းမှ ကလေး ၃ ဦးနှင့်အတူ ထွက်ပြေးလာခဲ့သူ အသက် ၃၅ နှစ်အရွယ်ရှိ ကာလင်းဘရူတပ်စ်ဆိုသူ အမျိုးသမီးက ပြောကြားခဲ့သည်။

၎င်းနေထိုင်ခဲ့သည့် ရပ်ကွက်သည် ၂၅ နှစ်ကျော် ကာလတိုင်အောင် တိတ်ဆိတ်ငြိမ်သက်၍ အေးချမ်းနေခဲ့သည်။

လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ အေရီယယ်ဟင်နရီ၏ အစိုးရထံတွင် ဝန်ထမ်းအင်အား နည်းပါးနေပြီး ရဲဌာနအတွက် အသုံးစရိတ် မလုံလောက်တော့သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ အကူအညီ တောင်းခံရင်း လုံခြုံရေးမြှင့်တင်နိုင်ဖို့ ကြိုးစားရုန်းကန် နေရသည်။

နေရပ်စွန့်ခွာသွားတဲ့ ဟေတီမိသားစု(AP)

နိုင်ငံရေးခေါင်းဆောင်များ ပေါ့လျော့မှု၊ အရည်အချင်း ကင်းမဲ့မှုတို့ကြောင့် ဟေတီနိုင်ငံအတွင်းရှိ မည်သည့် ပြည်နယ်တွင်မှ အခြေခံ လုပ်ဆောင်လျက် တစ်ခုဖြစ်သည့် နယ်မြေလုံခြုံရေး ထိရောက်စွာ မဆောင်ရွက်နိုင်ကြောင်း ဒေသခံ လူ့အခွင့်အရေး တစ်ခုဖြစ်သည့် Defenders Plus က အပြစ်တင်ခဲ့သည်။

လူထု၏ အသက်နှင့် လုံခြုံမှုတို့ကို အာမခံနိုင်စေဖို့ တာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း ဟေတီအာဏာပိုင်များကတော့ ပြောကြားထားသည်။ ၎င်းတို့ထံမှ သဘောထား မှတ်ချက်တောင်းခံရန် အေပီသတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိပေ။

ချန်မီချန်ဂိုဏ်းနှင့် 400 မာဝိုဇိုဂိုဏ်း (Mawozo) တို့အကြား ဧပြီ ၂၄ ရက်ကတည်းက တိုက်ပွဲများ စတင်နေခဲ့ကြောင်း အာဏာ ပိုင်များက ပြောကြားခဲ့သည်။ 400 မာဝိုဇိုဂိုဏ်းသည် ယမန်နှစ်က အမေရိကန် ၁၇ ဦးကို ပြန်ပေးဆွဲခဲ့သည့် ဒုစရိုက်ဂိုဏ်း ဖြစ် သည်။

နေရပ်စွန့်ခွာခဲ့ရတဲ့ ကလေးငယ်များ(AP)

အဆိုပါ ဂိုဏ်းနှစ်ဂိုဏ်းအနက် 400 မာဝိုဇိုဂိုဏ်းမှာ ပိုမို အားကောင်းသည်ဟု ယူဆကြပြီး ၎င်းတို့သည် ပြန်ပေးဆွဲမှုများနှင့် အခြား အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြကြောင်း စွပ်စွဲခံရသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။

ထိုဒေသများတွင် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်နေပြီး ဒေသခံပြည်သူများ နေအိမ်များမှ ထွက်ပြေးတိမ်း ရှောင်နေရမှုများ ဆက်ဖြစ်နေမည်ကို မလိုလားကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။

ပေါ့အော်ပရင့်စ်မြို့ တောင်ဘက်ရှိ မက်တစ်ဆန်ဒေသတွင် ယမန်နှစ် အုပ်စုဖွဲ့ အကြမ်းဖက်မှုများကြောင့် ဟေတီပြည်သူ ထောင်နှင့်ချီ၍ သန့်ရှင်းမှု နည်းပါးသော အမိုးအကာများအောက်တွင် ယခုအထိ နေထိုင်နေကြဆဲ ဖြစ်သည်။ လတ်တလော အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ မိသားစုများမှာလည်း မည်သည့်နေရာသို့ သွားရောက် ခိုလှုံရမှန်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဟေတီမြို့ပြ ကာကွယ်ရေးဌာနနှင့် ညှိနှိုင်းရေးမှူး အီမန်နွယ်ပီယာစိန့် (Emmanuel Piersaint)က “အစိုးရတာဝန်ရှိသူများ အနေဖြင့် အိုးမဲ့အိမ်မဲ့ မိသားစုများကို သန့်စင်ခန်းသုံး ပစ္စည်းများ၊ ၊ ဆန်နှင့် စပါကတီ ခေါက်ဆွဲ၊ ပဲများ ပေးအပ်ခဲ့ကြောင်း” အေပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: AP