CNI International News

ပို့အူပရင့်စ်၊ မတ်လ ၂၃

ဟေတီနိုင်ငံ၊ ပို့အူပရင့်စ် (Port-au-Prince) မြို့တော်တွင် မတ်လ ၂၁ ရက်က ပစ်ခတ်တိုက်ခိုက်မှုများအတွင်း လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

ဟေတီတွင် အစိုးရအဖွဲ့ယန္တရား လည်ပတ်မှု ရပ်တန့်ခဲ့သဖြင့် အသွင်ကူးပြောင်းရေးကောင်စီကို အပြီးသတ် ဖွဲ့စည်းနိုင်ရန် အချိန်နီးကပ်လာချိန်တွင် Delmas 95 လူဆိုးဂိုဏ်းခေါင်းဆောင် အားနက်စ် ဂျူလ်မီ (Ernst Julme) သေဆုံးသွားခဲ့သည်။

၎င်းသည် ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

တိုင်ဂရက်စ်ဟုလည်း လူသိများသည့် ဂျူလ်မီသည် ပို့အူပရင်စ်မြို့တော်တွင် အခြားလူဆိုးဂိုဏ်း ခေါင်းဆောင် တစ်ဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရဲတပ်ဖွဲ့၏ ချေမှုန်းခြင်းခံခဲ့ရသည့် နောက်ထပ် လူဆိုးဂိုဏ်း ခေါင်းဆောင်ဖြစ်သည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

Delmas 95 လူဆိုးဂိုဏ်းခေါင်းဆောင် အားနက်စ် ဂျူလ်မီကို တွေ့ရစဉ်

ဟေတီ၏ သြဇာကြီးမားသည့် လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး ဂျင်မီ ဘာဘီကျူး ချီရီဇီယာ (Jimmy "Barbeque" Cherizier) ၏ ဒုစရိုက်ဂိုဏ်း မဟာမိတ်အုပ်စုဖြစ်သည့် Viv Ansanm အဖွဲ့ဝင်ဖြစ်သည့် ဂျူလ်မီ၏ သေဆုံးမှုသည် မြို့တော်အတွင်း လုံခြုံရေးတပ်ဖွဲ့များ လူဆိုးဂိုဏ်းများကို ပြန်လည်တိုက်ထုတ်နေသည့် အားထုတ်ကြိုးပမ်းမှုများ ကို ဖော်ပြရာရောက်ခဲ့သည်။

ဂျူလ်မီသည် မကြာသေးမီက ဟေတီ၏ အကြီးဆုံး အကျဉ်းထောင်တွင် ထောင်သားအများအပြား ထောင်ဖောက်ပြေးခဲ့သည့် ဖြစ်စဉ်၌ လွတ်မြောက်သွားခဲ့သူဖြစ်သည်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က (Antonio Guterres)မူ ဟေတီတွင် အနာဂတ် ရွေးကောက်ပွဲများ မပြုလုပ်မီ သမ္မတအာဏာကို ထိန်းသိမ်းရန် အသွင်ကူးပြောင်းရေးကောင်စီ ဖွဲ့စည်းနေသည့် နိုင်ငံရေး အင်အားစုများကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ 

ဟေတီလုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်

ဟေတီတွင် နိုင်ငံအတွင်းမှ တိမ်းရှောင်နေသည့် ဝန်ကြီးချုပ် အေရီယယ် ဟင်နရီ (Ariel Henry) သည် မတ်လ ၁၁ ရက်က ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် ဟေတီ၏ နိုင်ငံရေးအင်အားစုများကို ပြန်လည် ပေါင်းစည်းရန်အတွက် အသွင်ကူးပြောင်းရေးကောင်စီ ဖွဲ့စည်းရန် စီစဉ်ခဲ့ကြသည်။

"ကုလအတွင်းရေးမှူးချုပ်ဟာ ဟေတီမှာ သမ္မတဆိုင်ရာ အသွင်ကူးပြောင်းရေးကောင်စီအတွက် ကိုယ်စားလှယ် တွေ ရွေးချယ်ပေးနေတဲ့ တိုင်းပြုပြည်ပြု နိုင်ငံရေးအင်အားစုတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်" ဟု ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ ဟာဟန်ဟက်က ပြောကြားခဲ့သည်။ 

အဖွဲ့ဝင် ၉ ဦး ပါဝင်သည့် အဆိုပါ အသွင်ကူးပြောင်းရေးကောင်စီသည် လာမည့် ရက်ပိုင်းအတွင်း အပြီးသတ် ဖွဲ့စည်းပြီးလိမ့်မည်ဟု ဆိုသည်။

Source: ရိုက်တာ