CNI International News

ဝါရှင်တန်၊ မတ်လ ၅

ဟေတီနိုင်ငံတွင် ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုနှင့် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) အရာရှိဟောင်း တစ်ဦးအကြား ပတ်သက် ဆက်နွှယ်မှုရှိနေသည်ဟု Sputnik မှ ဖော်ပြခဲ့သည်။

ဟေတီနိုင်ငံ၊ ဂိုနိုင်ဗီ (Gonaive) မြို့တွင် ၂၀၀၂ ခုနှစ်က အကျဉ်းထောင် ဖောက်မှုဖြစ်ပွားခဲ့ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ဦး အမ်မွိုက် ကျူဘာအင် မက်တာယာ (Amiot Cubain Metayer) အပါအဝင် အကျဉ်းသား ၁၅၅ ဦး လွတ်မြောက်သွားခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ဟေတီအစိုးရကို အဖက်ဖက်က အားနည်းသွားစေခဲ့သည်။

ထို့နောက် ထောင်ဖောက်မှုဖြစ်ပွားပြီး ၂ နှစ်အကြာဖြစ်သည့် ၂၀၀၄ ခုနှစ်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံခဲ့ရသည့် သမ္မတ ယန်း ဘာထရန် အရစ္စတီဒီ (Jean-Bertrand Aristide) ကို စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး  The Gray Zone အမည်ရှိ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့၏ လေ့လာ တွေ့ရှိမှုများကို သတင်းလွတ်လပ်ခွင့် အက်ဥပဒေ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထုတ်ပြန်ပေးရန် တောင်းဆိုမှု ကြောင့် ထိုတွေ့ရှိချက်များကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လျှို့ဝှက်အဆင့်မှ ဖယ်ရှားပြီး လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

ဟေတီအာဏာသိမ်းမှုတွင် စစ်သားတွေကိုတွေ့ရစဉ်

ထိုလေ့လာ တွေ့ရှိချက်များအရ CIA အရာရှိဟောင်းတစ်ဦးသည် ဂိုနိုင်ဗီမြို့ အကျဉ်းထောင်ဖောက်သည့် ဖြစ်စဉ် မတိုင်မီ ရက်ပိုင်းအလိုက အာဏာသိမ်းရန် ကြံစည်သူများနှင့် တွေ့ဆုံခဲ့ပုံပေါ်သည့် အချက်အလက်များကို ဖော်ပြထားသည်။

ထိုအချိန်က အဆိုပါ CIA အရာရှိသည် ဟေတီနိုင်ငံ၊ ပို့အူပရင့်စ် (Port-au-Prince) မြို့တော်ရှိ အမေရိကန်သံရုံး တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည့် ဂျနိုက်စ် အယ်လ် အယ်လ်မိုး (Janice L. Elmore) ဖြစ်သည်ဟု ဆိုသည်။

စစ်စစ်တွင် အယ်လ်မိုးသည် နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် အသွင်ယူလှု ပ်ရှားနေသည့် CIA အေးဂျင့်တစ်ဦး ဖြစ်သည်ဟု The Gray Zone မှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်က ပြင်သစ်သံအမတ်တစ်ဦးကလည်း အရစ္စတီဒီကို အာဏာသိမ်းပြီး ဖြုတ်ချမှု၏ နောက်ကွယ်တွင် အမေရိကန်နှင့် ပြင်သစ်နိုင်ငံ ရှိနေကြောင်း ဝန်ခံခဲ့သည်။

သို့သော် အမေရိကန်အရာရှိများကမူ ၎င်းတို့သည် ၂၀၀၄ ခုနှစ် ဟေတီအာဏာသိမ်းမှုတွင် အမေရိကန်က ပါဝင် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

Source: Sputnik