CNI International News

ဘန်ကောက်၊ မတ်လ ၅

ထိုင်းတရားရုံးချုပ်၏ နိုင်ငံရေးတာဝန်များကို ထမ်းဆောင်သူများဆိုင်ရာ ရာဇဝတ်မှုရုံးက ဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) နှင့် ၎င်း၏ အမှုတွဲ ၅ ဦးကို မတ်လ ၄ ရက်က အာဏာ အလွဲသုံးမှုစွဲချက်များမှ တရားသေ ပြန်လွှတ်ပေးခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ယင်းလပ်နှင့် အမှုတွဲ ၅ ဦးသည် ဘတ်သန်း ၂၄၀ တန်ကြေးရှိ Thailand 2022 Roadshow စီမံကိန်းကို လေလံ ဆွဲရာတွင် အာဏာအလွဲသုံးစား ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရပြီး ယခုအခါတွင် တရားရုံးချုပ်က ထိုစွဲချက်များကို ပြန်လည်ချေဖျက်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တရားရုံးချုပ်သည် ယင်းလပ်အား ဖမ်းဝရမ်းထုတ်ထားသည့် အမိန့်ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့သည်။

 ယင်းလပ်နဲ့ အိုဘားမားကို တွေ့ရစဉ်

ယင်းလပ်နှင့် အမှုတွဲ ၅ ဦးပေါ် စွဲဆိုထားသော စွဲချက်များနှင့်ပတ်သက်ပြီး သက်သေအထောက်အထား ခိုင်လံမှု မရှိသည့် အကြောင်းပြချက်ဖြင့် ပြန်လွှတ်ပေးသင့်၊ မပေးသင့်ကို တရားရုံးချုပ် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ပြန်လွှတ်ပေး ရန် တစ်ညီတစ်ညွတ်တည်း ထောက်ခံမဲပေးခဲ့ကြခြင်းဖြစ်သည်။

ထိုတရားစွဲဆိုမှုများကို အမျိုုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်က စွဲဆိုခဲ့ခြင်းဖြစ်သည်။  

ယင်းလပ်နှင့်အတူ တရားစွဲဆိုခံခဲ့ရသည့် အမှုတွဲ ၅ ဦးမှာ ဒုတိယဝန်ကြီးချုပ်ဟောင်း နီဝတ်သမ်ရွန် ဘွန်ဆွန် ပိုင်ဆန် (Niwatthamrong Boonsongpaisan) ၊ ဝန်ကြီးချုပ်၏ အတွင်းရေးမှူးချုပ်ဟောင်း သူရနန် ဝိဇ္ဇာဇီဝ (Suranand Vejjajiva) ၊ Matichon Public ကုမ္ပဏီ၊ Siam Sports Syndicate Public ကုမ္ပဏီနှင့် ထိုကုမ္ပဏီ၏ အမှုဆောင်အရာရှိ ရာဗီ လိုသွန်း (Ravi Lohthong) တို့ဖြစ်သည်။

Source: Thai PBS World