CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၂၀

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် အခွင့်ထူးခံအခြေအနေကို ရရှိနေခြင်း ရှိ/မရှိကို စုံစမ်းစစ်ဆေးရန် တရားရုံးချုပ်အား တောင်းဆိုသွားမည်ဟု Thai PBS မှ ဖော်ပြခဲ့သည်။

ဒီမိုကရက်လွှတ်တော်အမတ်ဟောင်း နာခွန်း နာယွတ် ချန်ချိုင်း အစ်ဆာရာဆီနာရက် (Nakhon Nayok Charnchai Isarasenarak) နှင့် လူ့အခွင့်အရေးရှေ့နေ နီတီတွန်း လမ်လူယာ (Nititorn Lamlua) တို့က တရားရုံးချုပ်၏ နိုင်ငံရေးရုံးထိုင်သူများအတွက် ပြစ်မှုဆိုင်ရာဌာနသို့ လျှောက်လွှာတင်သွင်းရန် စီစဉ်ထားသည်။

သက်ဆင်သည် ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂ ရက်က ထိုင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး စွဲချက် ၃ ခုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသည်။ 

သို့သော် တော်ဝင်မိသားစု၏ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုဖြင့် သက်ဆင်သည် ထောင်ဒဏ် ၁ နှစ်သာ ကျခံရန် ပြစ်ဒဏ် လျှော့ချခံခဲ့ရသည်။

ဒီမိုကရက်လွှတ်တော်အမတ်ဟောင်း နာခွန်း နာယွတ် ချန်ချိုင်း အစ်ဆာရာဆီနာရက်ကို တွေ့ရစဉ်

မည်သို့ပင်ဆိုစေ သက်ဆင်သည် အကျဉ်းထောင်ထဲတွင် ၁ ရက်ပြည့်အောင်ပင် မနေခဲ့ရဘဲ ကျန်းမာရေး အကြောင်းပြချက်များဖြင့် အကျဉ်းထောင်ဆေးရုံမှ ရဲတပ်ဖွဲ့ အထွေထွေဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူခဲ့ရသည်။

ဒီမိုကရက်တစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ရာမက် ရတ္တနချာဝမ် (Ramet Rattanachaweng) ကမူ အစိုးရအဖွဲ့ စတင် တာဝန်ထမ်းဆောင်သည့် ရက်ပေါင်း ၉၀ အတွင်း အကြီးမားဆုံး လုပ်ဆောင်မှုတစ်ခုမှာ ရှင်နာဝပ် မိသားစု ၏ အကျိုးစီးပွားအတွက် ထိုင်းတရားရေးစနစ်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

သက်ဆင် အနေနှင့် မည်သည့်အတွက်ကြောင့် ရဲတပ်ဖွဲ့ဆေးရုံ၏ ၁၄ လွှာတွင် ကုသမှုခံယူနေသနည်း၊ သက်ဆင် သည် မည်သည့် ဝေဒနာ ခံစားနေရသနည်း၊ ပြစ်ဒဏ်ချမှတ် ခံထားရသူတစ်ဦးကို အကျဉ်းထောင် အပြင်ဘက်တွင် နေထိုင်ခွင့်ကာလ ထပ်မံတိုးချဲ့ပေးထားသည့် အကျဉ်းထောင်ဌာန၏ စည်းကမ်းဥပဒေသစ်များမှာ အဘယ်နည်း အစရှိသည့် အဖြေမရှိသော မေးခွန်းများစွာရှိနေကြောင်း ရာမက်က ပြောကြားခဲ့သည်။ 

ထို့ပြင် ထိုင်း၏ အကျဉ်းထောင်များသည် ဆင်းရဲမွဲတေ သူများအတွက်သာ ဖြစ်သည်ဆိုသည့် ရေပန်းစားနေသည့်် အဆိုကို အခွင့်ထူးခံ ရရှိထားသော သက်ဆင်၏ဖြစ်ရပ်က သက်သေထူ နေသည်ဟုလည်း ရာမက်က ပြောကြား ခဲ့သည်။

Source: Thai PBS World