CNI International News
ဘန်ကောက်၊ မေလ ၁၁
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) အား ပြစ်ဒဏ်လျှော့ပေါ့ပေးပြီး လွတ်ငြိမ်း ခွင့်ပြုရန် သတ်မှတ်ချက်နှင့် ကိုက်ညီကြောင်း အကျဉ်းဦးစီးဌာန(DoC)က ရှင်းလင်းပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သက်ဆင်သည် အကျဉ်း ကျခံနေရစဉ်အတွင်း စည်းကမ်းဖောက်ဖျက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ သတ်မှတ်ထား သော စည်းကမ်းချက်များနှင့် ပြည့်စုံသဖြင့် စောစီးစွာ လွတ်မြောက်ခွင့်အတွက် ထည့်သွင်းစဉ်းစားရန် အရည်အချင်း ပြည့်မီကြောင်း DoC က ဆိုသည်။
ထိုင်းနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူနှင့် ကျောင်းသားကွန်ရက် (KPT) က သက်ဆင်အား လွှတ်ပေး မည့် အစီအစဉ်ကို ရပ်တန့်ရန် တရားရေးဝန်ကြီးထံ အသနားခံစာ တင်သွင်းခဲ့ပြီးနောက် DoC ၏ ရှင်းလင်း ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အာဏာပိုင်များသည် ဥပဒေကို လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုနေကြပြီး သက်ဆင် ထောင်ဒဏ် ကျခံနေရစဉ် ရဲတပ်ဖွဲ့ ဆေးရုံကြီး၌ တက်ရောက်ကုသမှု ခံယူနေခြင်းနှင့် ပတ်သက်ပြီး တရားရုံးချုပ်၏ အဓိက တွေ့ရှိချက်များကို လျစ်လျူရှုထားသည်ဟု KPT အဖွဲ့က စွပ်စွဲပြောဆိုထားသည်။

သက်ဆင်ရဲ့ သားသမီးတွေကို တွေ့ရစဉ်
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၎င်း၏ ထောင်ဒဏ်ကာလ တစ်စိတ်တစ်ပိုင်းကို ကျခံပြီးနောက် မေလ ၁၁ ရက်တွင် ပြန်လည် လွတ်မြောက်လာမည်ဖြစ်သည်။
အကျဉ်းဦးစီးဌာန၏ ပြောကြားချက်အရ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ စဉ်းစားသုံးသပ်မှုများကို ဖြစ်ရပ်မှန်များ၊ ဥပဒေများ၊ တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် အကျဉ်းထောင် မှတ်တမ်းများအပေါ် အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သိရသည်။
သက်ဆင်သည် အကျဉ်း ကျခံနေရစဉ်အတွင်း စည်းကမ်းဖောက်ဖျက်မှု သို့မဟုတ် ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟု တရားရုံး၏ အတည်ပြု ဆုံးဖြတ်ချက် သို့မဟုတ် အမိန့် တစ်စုံတစ်ရာ မရှိသဖြင့် ၎င်းအား လွတ်ငြိမ်းခွင့်အတွက် ထည့်သွင်းစဉ်းစားရန် အရည်အချင်း ပြည့်မီသည်ဟု ဆိုသည်။

သက်ဆင်ကို တွေ့ရစဉ်
လွတ်ငြိမ်းခွင့် တောင်းခံမှုများကို ပြန်လည်သုံးသပ်သည့် ဆပ်ကော်မတီကလည်း သက်ဆင်သည် အကျဉ်းထောင် ဆိုင်ရာ အက်ဥပဒေနှင့် ဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများအရ လွတ်ငြိမ်းခွင့်ရရှိရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်ခဲ့သည်။
KPT အဖွဲ့၏ စွပ်စွဲချက်များသည် စည်းကမ်း ဖောက်ဖျက်မှု မှတ်တမ်းရှိသော အကျဉ်းသားများကို အကျဉ်းထောင် ပြင်ပ၌ ထိန်းသိမ်းခြင်းဆိုင်ရာ စည်းမျဉ်းများကို ရည်ညွှန်းနေခြင်းဖြစ်ပြီး ထိုရည်ညွှန်းချက်များသည် လွတ်ငြိမ်း ချမ်းသာခွင့်အတွက် ထည့်သွင်းစဉ်းစားရမည့် ဥပဒေကြောင်းအရ သတ်မှတ်ချက်များ မဟုတ်ကြောင်း DoC က ဆိုသည်။
လွတ်ငြိမ်းခွင့်ပေးခြင်း လုပ်ငန်းစဉ်သည် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ အထူးအခွင့်အရေး ပေးထား ခြင်း မရှိကြောင်းလည်း အကျဉ်းဦးစီးဌာနက ဆက်လက် ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
