CNI International News
ဘန်ကောက်၊ ဧပြီ ၂၂
မြန်မာနိုင်ငံတွင် သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄၀၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေး သည့် ဆုံးဖြတ်ချက်က အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ထို့ပြင် မြန်မာအစိုးရ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆိုကြောင်း ၎င်းက ပြောသည်။
ဧပြီလ ၁၇ ရက် မြန်မာနှစ်သစ်ကူးဖြစ်သည့် နှစ်ဆန်းတစ်ရက်နေ့တွင် ကြေညာခဲ့သော အဆိုပါ လွတ်ငြိမ်းချမ်းသာ ခွင့်သည် နိုင်ငံအတွင်း တင်းမာမှုများ လျော့ကျစေရန် ဆက်လက် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများကို အထောက်အကူဖြစ်စေသော တိုးတက်မှုတစ်ခုဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါ လုပ်ဆောင်ချက်သည် သက်ဆိုင်သူ အားလုံးကြား ယုံကြည်မှု တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေပြီး မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ရရှိစေရန် ကြိုးပမ်းမှုများကို ပံ့ပိုးပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

သမ္မတဟောင်း နှစ်ဦးဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဝင်းမြင့်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံသည် အာဆီယံဦးဆောင်သည့် ကြိုးပမ်းမှုများနှင့်အညီ သက်ဆိုင်သူများအကြား အပြုသဘော ဆောင် သော ထိတွေ့ဆက်ဆံမှုနှင့် ဆွေးနွေးမှုများကို ပံ့ပိုးကူညီရန် အသင့်ရှိကြောင်းလည်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က တပ်မတော်မှ အာဏာကို လွှဲပြောင်း ရယူခဲ့ပြီးနောက်ပိုင်း ပဋိပက္ခများ ကျယ်ပြန့် လာခဲ့ကာ နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုင်းနိုင်ငံသည် သံတမန်ရေးရာ လမ်းကြောင်းများမှတဆင့် ဆွေးနွေးမှုများကို မြှင့်တင်ရန်နှင့် အကြမ်းဖက်မှုများ ကို လျော့ပါးစေရန် ကြိုးပမ်းလျက်ရှိသည်။
ထို့ပြင် ထိုင်းအစိုးရက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး တိုးတက်မှု များ ရရှိစေရန် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။
Source: Thai PBS World
