CNI International News

တိုကျို၊ ဧပြီ ၂၂

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးသော ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချမှုဆိုင်ရာ စည်းမျဉ်းများကို ပြင်ဆင်ပြောင်းလဲလိုက်ကြောင်း ဧပြီ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုပြောင်းလဲမှုများအရ ပြည်ပနိုင်ငံများသို့ လက်နက်ရောင်းချမှုဆိုင်ရာ တားမြစ် ကန့်သတ်ချက်များကို ဖယ်ရှား လိုက်ပြီး စစ်သင်္ဘောများ၊ ဒုံးကျည်များနှင့် အခြားသော လက်နက်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် လမ်းပွင့်သွားစေခဲ့သည်။

ဂျပန်၏ ကာကွယ်ရေး စက်မှုလုပ်ငန်း အခြေခံကို အားကောင်းလာစေရန် ရည်ရွယ်သည့် ထိုလုပ်ဆောင်ချက်သည် ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက်ပိုင်း စစ်ရေးနှင့်ပတ်သက်ပြီး တင်းကျပ်ထားခဲ့သော မူဝါဒကို ဖြေလျှော့ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းနှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် ဖြစ်ပွားနေသော စစ်ပွဲများသည် အမေရိကန်၏ လက်နက်ထုတ်လုပ် မှုကို ဝန်ပိစေခဲ့ပြီးနောက် ဂျပန်အတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာစေသည်။

ဂျပန်ဝန်ကြီးချုပ် တာကာအီချီကို တွေ့ရစဉ်

တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် အမေရိကန်၏ လုံခြုံရေးဆိုင်ရာ ကတိကဝတ်များမှာ မရေရာမှုများ ရှိလာသဖြင့် ဥရောပနှင့် အာရှရှိ အမေရိကန်၏ မဟာမိတ် နိုင်ငံများသည် လက်နက်ရောင်းချနိုင်မည့် အခြားနိုင်ငံများကို ပိုမိုရှာဖွေလာကြသည်။

ယခုအချိန်တွင် မည်သည့်နိုင်ငံမျှ မိမိတို့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တစ်နိုင်ငံတည်းဖြင့် ကာကွယ်နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ရေးပစ္စည်း ကိရိယာများနှင့် ပတ်သက်၍ အချင်းချင်း ပံ့ပိုးကူညီပေးကြမည့် မဟာမိတ်နိုင်ငံများ လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) က X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

တာကာအီချီအစိုးရက အတည်ပြုလိုက်သော ယခုပြင်ဆင်ချက်သည် ယခင်က ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင် ရေး၊ သတိပေးချက် ထုတ်ပြန်ရေး၊ စောင့်ကြည့် ထောက်လှမ်းရေးနှင့် မိုင်းရှင်းလင်းရေး ကိရိယာများအထိသာ ကန့်သတ်ထားသည့် စစ်ဘက်ပစ္စည်းတင်ပို့မှု အမျိုးအစား ၅ ခုထက် ပိုမိုများပြားသည့် လက်နက်များကို တင်ပို့နိုင် တော့မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဂျပန်နိုင်ငံ အနေဖြင့် စစ်လက်နက်ပစ္စည်းများ တင်ပို့မှုတွင် တင်းကျပ်စွာ စိစစ်ခြင်း၊ တတိယနိုင်ငံ များသို့ လက်နက်လွှဲပြောင်းမှုကို ထိန်းချုပ်ခြင်းနှင့် ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံများသို့ ရောင်းချမှုကို ပိတ်ပင်ခြင်း အစရှိသည့် လက်နက်တင်ပို့မှုဆိုင်ရာ မူဝါဒမူကြီး ၃ ရပ်ကို ဆက်လက် ထားရှိသွားမည်ဟုဆိုသည်။

သို့သော် ပြောင်းလဲမှုများကို ဖော်ပြသည့် တင်ပြချက်တွင် နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်သည်ဟု ယူဆပါက ချွင်းချက်အဖြစ် သတ်မှတ်ပြီး တင်ပို့ရောင်းချမှုများ ပြုလုပ်နိုင်သည်ဟု အစိုးရက ပြောကြားခဲ့သည်။

Source: ရိုက်တာ