CNI International News

နယူးဒေလီ၊ မေလ ၁၁

ဗီယက်နမ်နိုင်ငံသည် အိန္ဒိယ၏ အသံထက်မြန်သော ဘရာမို့စ်(BrahMos) ဒုံးကျည်များကို ဝယ်ယူရန် ဆွေးနွေး မှုများ ပြုလုပ်လာကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

အာရှနှင့် အခြားဒေသရှိ ကာကွယ်ရေးဝန်ကြီးဌာနများသည် အနောက်နိုင်ငံထုတ် လက်နက်စနစ်များအပြင် အခြား ရွေးချယ် စရာများကိုပါ ပိုမို ရှာဖွေလာကြပြီး အခြားနိုင်ငံ ၁၅ နိုင်ငံခန့်ကလည်း ဘရာမို့စ်(BrahMos) ဒုံးကျည်များ ကို စိတ်ဝင်စားနေကြသည်ဟု ဆိုသည်။

အိန္ဒိယနှင့် ဗီယက်နမ်သည် ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိနိုင်သည့် ဒုံးကျည် အရောင်းအဝယ် ကိစ္စအတွက် အဆင့် မြင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဗီယက်နမ်သမ္မတ တိုလမ် (To Lam) ၏  အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီး ချုပ် မိုဒီ (Narendra Modi)၊ ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ် ဆင်း (Rajnath Singh) နှင့် အခြားအိန္ဒိယ အရာရှိ များနှင့် တွေ့ဆုံခဲ့ရာတွင်လည်း ဆွေးနွေးမှုများ သိသိသာသာ တိုးတက်ကောင်းမွန်ခဲ့သည်။

အိန္ဒိယထုတ် BrahMos ဒုံးကျည်ကိုတွေ့ရစဉ်

အကယ်၍ BrahMos ဒုံးကျည်များ အရောင်းအဝယ် ဖြစ်မြောက်သွားပါက ဗီယက်နမ်သည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ပြီးလျှင် အသံထက်မြန်သော ခရုစ်ဒုံးကျည် အမျိုးအစားဖြစ်သည့် BrahMos ဒုံးကျည်စနစ်ကို ပိုင်ဆိုင်သည့် တတိယမြောက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။

ဖိလစ်ပိုင်သည် ၂၀၂၂ ခုနှစ်တွင် အိန္ဒိယထံမှ ဒေါ်လာ ၃၇၅ သန်း တန်ဖိုးရှိ BrahMos ဒုံးကျည်များကို ဝယ်ယူခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည်လည်း မတ်လအတွင်း ဒေါ်လာ သန်း ၃၄၀ တန်ဖိုးရှိ BrahMos ဒုံးကျည်များဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့သည်။

“ကျနော်တို့ လက်နက်စနစ် အရေအတွက်နဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြပါတယ်၊ BrahMos လက်နက်စနစ် ကလည်း အဲဒီထဲမှာ ပါဝင်ပါတယ်။ ဒီကိစ္စကို ဆက်လက် စောင့်ကြည့်ပေးကြပါ” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာန၏ အတွင်းရေးမှူး  ပီရီယာဆာမိ ကူမာရန် (Periasamy Kumaran) က သတင်းထောက်များကို ပြောကြား ခဲ့သည်။

Source: South China Morning Post