CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၁
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရလက်ထက်တွင် နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းအရ KIA ကိုသာ ကိုင်တွယ်နိုင်လျှင် AA ကိုပါ တစ်ဆက်တည်း ထိန်းချုပ်နိုင်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်သူ များကြား မေးခွန်းထုတ်လာကြသည်။
KIA သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးကို ကြိုးပမ်းနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အာရက္ခတပ်တော်(AA) တို့သည် တူညီသည့် နိုင်ငံရေး ရည်မှန်းချက်များအပေါ် အခြေတည်ကာ ခိုင်မာသည့် စစ်ရေး မဟာမိတ်များ ဖြစ်ကြကြောင်း၊ KIA ကိုသာ ထိန်းချုပ်နိုင်လျှင် AA ကိုပါ ရနိုင်မလားဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်နေကြသည်။
လက်ရှိ အစိုးအနေအဖြင့် KIA ကို ထိန်းချုပ်နိုင်ပါက AA အား ဖြတ်တောက်နိုင်မည်ဆိုသည်မှာ တစ်ပိုင်းတစ်စ အကျိုးသက်ရောက်သော်လည်း အလုံးစုံ ထိန်းချုပ်နိုင်မည်တော့ မဟုတ်ကြောင်း၊ တစ်ဖွဲ့ချင်းစီ သီးခြား ကိုင်တွယ် ရမည့် အနေအထားသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူက KIA ကို ကိုင်တွယ်နိုင်လို့ရှိရင် AA ကို ထိန်းနိုင်တယ်ဆိုတာက ဟုတ်သလိုလိုနဲ့ မဟုတ်ဘူး တကယ် တော့လေ။ ပြောချင်တာက သူက ထောက်ပံ့ ပို့ဆောင်ရေး ဆိုဒ်ကနေပြီးတော့ ကြည့်ပြီးတော့ ပြောနေတာပေါ့။ ဒါကြောင့်မို့လို့ မဆိုင်ဘူး AA က AA သီးသန့်သွားရမယ်။ KIA က KIA ပဲ၊ KIA ပြုတ်လို့ရှိရင် AA ပြုတ်မယ်ဆိုတဲ့ အယူအဆက မှားတာပေါ့နော်။ အမှန်အတိုင်းပြောရင် Split type ပေါ့နော် သီးခြားစီပဲ ကိုင်တွယ်ရမှာပေါ့။ ဒီ လူတွေကို ပူးပေါင်းပြီးတော့ စကားပြောခွင့် ဘယ်တော့မှ မပေးသင့်ဘူး။ အဲဒီလို ပူးပေါင်းပြီး စကားပြောခွင့် All Inclusive ဘာညာနဲ့ KIA ကလုပ်လို့ပဲ သမ္မတကြီး ဦးသိန်းစိန် ထောင်ချောက် မိသွားတာပေါ့။ ပြောရမယ်ဆိုရင် Split ပဲသွားရမယ်။ အဲဒီနှစ်ခုက ဟိုဘက်က ချင်းဘက်က ဘာညာ ဆက်စပ်ပြီးတော့ စစ်ကိုင်းမြောက်ပိုင်းက ဆက်စပ်ပြီးတော့ KIA နဲ့ AA ဆက်စပ်တယ်လို့ ပြောရပေမယ့် တကယ့် တကယ်ကျတော့ KIA နဲ့ AA က အဝေးကြီး ပေါ့နော်။ သမိုင်းအစဉ်အလာ ဘာညာ ဒါတွေကအစ အကုန်လုံးက မတူဘူး။ AA က ဘာပဲပြောပြော Buddhist ပေါ့နော် ဗုဒ္ဓဘာသာအခြေခံ၊ KIA ကတော့ Baptist ပေါ့နော်။ အစစအရာရာ ယဉ်ကျေးမှု ဘာညာကအစ ကွဲပြား တယ် မတူဘူး။ KIA နဲ့ အဆင်ပြေသွားလို့ AA ကို ဖြတ်တောက်လိုက်နိုင်တာက တစ်ပိုင်းတစ်စတော့ အကျိုး သက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် လုံးလုံးကြီး နှစ်ယောက် တစ်ဖွဲ့ထဲကတော့ မဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့ က Split ပဲသွားရမယ်။ စစ်ရေးဆိုတာတွေ နိုင်ငံရေးကတော့ မှန်းဆလို့ ကောင်းပါတယ်။ စစ်ရေးကတော့ ကျနော် တို့က ဒါမျိုးကတော့ ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတာလဲ မပြောသင့်တော့လေ ကျနော် အမြင်ဆိုရင်တော့ သီးခြားစီ လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိတယ်ပေါ့နော်” ဟု ပြောသည်။

AA ခေါင်းဆောင်များကို တွေ့ရစဉ်
အာရက္ခတပ်တော် AA ကို ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး စတင်ချိန်က ချင်းပြည် နယ်၊ ပလက်ဝမြို့နယ်ကို ခြေကုတ်ယူကာ ရခိုင်ပြည်နယ်အတွင်း စတင်ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း သိရ သည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်း တစ်ဖွဲ့တည်း လှုပ်ရှားသလို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA-AA-TNLA) အဖြစ်ဖွဲ့ထားပြီး စစ်ရေးလှုပ်ရှားမှုများရှိသည်။
အလားတူ စစ်ကိုင်းတိုင်းသေကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်မှာလည်း ဒေသတွင်း လက်နက်ကိုင် အဖွဲ့များဖြင့် ချိတ်ဆက်၍ စစ်ရေးလှုပ်ရှားလျက်ရှိသည်။
မြန်မာ့တပ်မတော်နှင့် AA တို့အကြားတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အပစ်ရပ် သဘောတူညီခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၌ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိ အချိန်အထိ စစ်ရေးတင်းမာနေကြသည်။
AA အနေဖြင့် လက်နက်ခဲယမ်းများကို KIA အပေါ်၌သာ မှီတည်နေရခြင်း ဖြစ်သည့်အတွက် KIA ကို ထိန်းချုပ် လိုက်နိုင်ခြင်းအားဖြင့် AA အင်အားလျော့သွားနိုင်သည်ဟု ယူဆ၍ရကြောင်း တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

KIA နဲ့ တရုတ်ကိုယ်စားလှယ်ဟောင်း ဆွန်ကော်ရှန်ကို တွေ့ရစဉ်
၎င်းက “KIA ကို ထိန်းချုပ်လိုက်တာနဲ့ KIA က အဓိက ထောက်ပံ့ပေးထားတဲ့ AA ဟာ KIA ရဲ့ လက်နက်တွေချည်း အကုန်လုံး ကိုင်တွယ်နေတာ။ Training Ground ကအစ အရာရှိအဆင့်ထိပဲ Training တွေ အကုန်လုံးက KIA ကပဲ ပေးနေတာလေ။ အဲဒီတော့ KIA ကို ကောင်းကောင်း ထိန်းချုပ်နိုင်ရင် AA အင်အားလျော့သွားမယ်။ ဒီဘက် အစိုးရနဲ့ ပြန်လည် ပူးပေါင်းလာလိမ့်မယ်။ အခုက AA က KIA Supply ကြောင့် အားရှိတယ်လို့ သူတို့ယူဆပြီးတော့ ကွန်ဖက်ဒရေးရှင်း ဘာညာ ဒီအထိ တောင်းဆိုနေတာကို။ အဲဒီတော့ KIA ကိုသာထိန်းနိုင်ရင် AA ဟာ အများကြီး ထည့်တွက်စရာမလိုတဲ့ အခြေအနေထိ ရောက်သွားလိမ့်မယ်။ G to G ရဖို့အတွက် KIA ကို တိတိကျကျ ထိန်းချုပ် မယ့် နည်းလမ်းတွေ တရုတ်လက်ထဲမှာ ရှိပြီးသား။ အဲဒါတွေကို တိတိကျကျ လိုက်နာလုပ်ပေးရင် ကျနော်တို့ မြန်မာပြည်အတွက်လည်း ကောင်းမယ်။ KIA လည်း ကျနော်တို့အပေါ် ဖိအားပေးနိုင်မှုတွေ လျော့ကျသွားမယ်။ KIA လျော့ကျသွားရင် AA လည်း အင်အားလျော့ကျသွားမယ်။ ဒီလိုနည်းအားဖြင့် မြန်မာပြည် ငြိမ်းချမ်းရေးဟာ ရေရှည်ပိုကောင်းတဲ့လမ်းကို ရောက်လိမ့်မယ်လို့ ကျနော်တို့က ယုံကြည်တယ်” ဟု ပြောသည်။
ရခိုင်လူမျိုးများ အနေဖြင့် ကွန်ဖက်ဒရေးရှင်းထက် မနိမ့်သော အဆင့်အတန်း တစ်ခုခုကို ရအောင်တိုက်မည်ဟု AA မှ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုထားဖူးသည်။
KIA သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး ကာလအတွင်း ယခင်ထက် ပိုမိုအားကောင်းလာကာ တော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင်နိုင်ရေးတို့ကို ထောက်ပံ့ကူညီပေးနေ သလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများတွင်လည်း ပူးပေါင်းတိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။
