CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၁
လက်ရှိ မြန်မာ့နိုင်ငံရေးလောကတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အာဆီယံက ကြိုးပမ်းနေခြင်း သည် ဘာကြောင့် ဖြစ်နိုင်သလဲဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝန်းကြား မေခွန်းများ ထွက်ပေါ်လာသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် နေပြည်တော်နှင့် ညှိနှိုင်းနေသည့် အဓိက အချက်ဖြစ်ပြီး ထိုအ ပေါ် အာဆီယံ၏ သဘောထား ပြောင်းလဲမှု မရှိဘူးဟုလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက် နေသည့် ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အာဆီယံက အဓိက လိုလားရခြင်းမှာ မြန်မာ့အရေးကို ဖြေရှင်းရာ တွင် အဖွဲ့၏ ဂုဏ်သိက္ခာနှင့် ထိရောက်မှုကို တည်ဆောက်ရန်၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြန်လည်သင့်မြတ် ရေးကို ဖော်ဆောင်နိုင်ရန်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်တို့အတွက် အဓိကသော့ချက်ဖြစ် သည်ဟု ယူဆထားသောကြောင့်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့က သုံးသပ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်ခြင်း/မလွှတ်ခြင်းသည် တိုင်းပြည် ဘယ်လောက် ပွင့်လင်းသလဲ၊ နိုင်ငံရေးအရ ဘယ်လောက် ပွင့်လင်းသလဲဆိုတာနှင့် ဆက်စပ်နေသောကြောင့် အာဆီယံကလည်း အဓိကထား ပြောနေခြင်းဟု မြင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဋ္ဌာနသို့ပြောသည်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်ကို တွေ့ရစဉ်
၎င်းက “ဒါတွေဟာ နိုင်ငံရေးအရဖြစ်တဲ့ ကိစ္စတွေလို့ အာဆီယံက ဒါရှုမြင် သုံးသပ်လို့ပေါ့နော်။ နိုင်ငံရေးအရ ဒီမှာကတော့ ထုံးစံအတိုင်း ပုဒ်မတွေကတော့ တပ်ထားတာပေါ့လေ။ အဆင်ပြေမယ့် ပုဒ်မတွေတပ်ပြီး ဒါထောင်ချထားတဲ့ သဘောရှိတာပေါ့။ အဲဒီအပေါ်မှာ ဒါကို အာဆီယံ အနေနဲ့ကတော့ ဒီလိုမမြင်ဘူးလေ၊ နိုင်ငံရေးအရ ဖြစ်နေတဲ့ကိစ္စလို့ပဲ ရှုမြင်သုံးသပ်တာ ဖြစ်တဲ့အကြောင့်မို့လို့ ဒါလွှတ်ပေးပါလို့ ပြောတာပေါ့နော်။ ဒါကလည်း ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်ခြင်း မလွှတ်ခြင်းသည် ဒီတိုင်းပြည် ဘယ်လောက် ပွင့်လင်းသလဲ၊ နိုင်ငံရေးအရ ဘယ်လောက် ပွင့်လင်းသလဲဆိုတာနဲ့က နည်းနည်း ဆက်စပ်နေတာပေါ့၊ အချိုး ကြနေတာပေါ့။ အဲဒီအတွက်ကြောင့်မို့ အာဆီယံကလည်း ဒါကို အဓိကထား ပြောနေတယ်လို့ပဲ မြင်ပါတယ်။ နိုင်ငံရေး အခြေအနေ ကောင်းလာနိုင်တယ်ဆို တာမျိုးထက်စာရင် လက်ရှိ အစိုးရအနေနဲ့ပေါ့ ဖြေလျှော့မှု တစ်စုံ တစ်ရာ လုပ်ပြီဆိုတဲ့ဟာကို ပြတာပေါ့။ ဒီဟာပြရုပ်တစ်ခု အနေနဲ့ လုပ်လိုက်တယ်၊ ဒီဟာကို လုပ်လိုက်ခြင်းအား ဖြင့်ကိုက ကောင်းကောင်းမွန်မွန် နိုင်ငံရေးကို ပွင့်ပွင့်လင်းလင်း ပြန်လည်ပြီးတော့မှ လုပ်ဆောင်တော့မယ်ဆိုတဲ့၊ လဏ္ခာပြတယ်ဆိုတဲ့ဟာဖြစ်မှ နိုင်ငံတကာ သံတမန်ရေးရာအရ၊ စီးပွားရေးရာအရ လုပ်ထားတဲ့ဟာတွေ မှန်သမျှ သည် ဖြေလျှော့သွားမှာ ဖြစ်တယ်ပေါ့။ အဲဒါမှပဲ ကျနော်တို့က ပြန်လည်ပြီးတော့မှ ပုံမှန်နိုင်ငံဘဝကို ပြန်ရောက် မှာပေါ့။ အန်တီစု လွှတ်ခြင်း မလွှတ်ခြင်းသည် ဒီအပေါ်မှာ မှုတည်နေတဲ့ အတွက်ကြောင့် အရေးကြီးတယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
အာဆီယံ၏ မြန်မာ့အရေး ဖြေရှင်းရေးတွင် အဓိကကျသော ဘုံသဘောတူညီချက် ၅ ရပ် အောင်မြင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် မရှိမဖြစ် လိုအပ်သူဖြစ်ပြီး၊ အစိုးရနှင့် ညှိနှိုင်းမှုများတွင် အဓိကကျသော အချက်ဖြစ် ကြောင်း နိုင်ငံအသိုင်းအဝန်းက ထောက်ပြကြသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ပိုမိုဖြေလျှော့ပေး နိုင်ပြီး၊ တွေ့ဆုံဆွေးနွေးမှုများအတွက် လမ်းစပွင့်စေနိုင်ကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။
ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ထွက်လာတာနှင့် အားလုံး အေးသွားပါမည်ဟု မည်သို့ တာဝန်ခံနိုင်မလဲ၊ တာဝန်ခံစရာအကြောင်းကို မရှိဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အာဆီယံအဖွဲ့ဝင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
၎င်းက “သူက ၂၀၂၁ မှာ ဒီအာဏာထိန်းမှု ဖြစ်သွားတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အာဏာထိန်း ခံလိုက် ရတဲ့ အစိုးရရဲ့ အကြီးဆုံးပုဂ္ဂိုလ် တစ်ယောက်ပေါ့နော်။ နောက်တစ်ခုကတော့ သူတို့က အနောက်တိုင်းပေါ့၊ အနောက်တိုင်းက သတ်မှတ်ထားတဲ့ ဒီမိုကရေစီ အိုက်ကွန်ပေါ့နော် အဲဒါဖြစ်နေတယ်။ ဖြစ်တော့ သူတို့က ဒီအာဏာထိန်းတာကို သူတို့က အစဥ်အလာအရ သူတို့က လက်မခံတဲ့ အခါကြတော့ ဒေါ်စုကို လွှတ်ပေးပါပဲ ပြော ရတာပေါ့နော်။ လွှတ်ပေးပါလို့ ဒါကပြောကို ပြောရတော့မယ့် အနေအထား အဲဒါကို သူ ၅ နှစ်လုံးလုံး ပြောတာ။ အဲဒီတော့ သေချာတာကတော့ ဒီမိုကရေစီ အစိုးရတစ်ခုက အခိုင်အမာ ပေါ်လာတဲ့အခါကြတော့ ကိုးလိုးကန့်လန့် ဖြစ်နေတာပေါ့ သူတို့မှာ ဆုတ်လည်းဆူး၊ စားလည်းရူး အနေအထား အာဆီယံက ရောက်သွားတယ်။ ပြီးတော့ သူပြောသမျှ စကားတွေ တစ်ခွန်းမှလည်း ဒီဘက်က မလုပ်တဲ့အခါကြတော့ သူ့မှာ ရှက်ရမ်း ရမ်းနေတာပေါ့၊ ဒါကိုပဲ အဓိက ပြောစရာရှိတယ်ပေါ့နော်။ သူက ပြည်တွင်း အနေအထားကို သေချာမသိလို့ပေါ့နော်။ ပြောရမယ် ဆိုလို့ရှိရင်တော့ ဒီလို လွှတ်လိုက်တာဟာ အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူပြုမလား၊ မပြုဘူးလားဆို တာကတော့ ဒီလက်ရှိ အနာဂတ် တာဝန်ရှိတဲ့လူတွေက၊ အစိုးရတာဝန်ရှိတဲ့လူတွေက သုံးသပ်မှာလေ။ အဲဒီတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မဖြစ်ပဲနဲ့ ပိုပြီးတော့ သွေးထိုးတဲ့ လှုပ်ဆော်မှုရဲ့ အနေအထားမျိုး ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ တကယ့်တကယ် သေချာတာကတော့ အခု သူတစ်လူ ငါတစ်မင်းလေ။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ထွက်လာတာနဲ့ အားလုံးအေးသွားပါမယ်လို့ ဘယ်လိုလုပ် တာဝန်ခံနိုင်မလဲ တာဝန်ခံစရာ အကြောင်း ကို မရှိဘူး”ဟု ပြောသည်။
အာဆီယံသည် နေပြည်တော်ရှိ အစိုးရကို အသိအမှတ်ပြုရန် ဘုံသဘောတူညီချက် မရသေးသော်လည်း၊ အာဆီယံ၏ ရပ်တည်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် တွေ့ဆုံခွင့်ပေးရန် တွန်းအားပေးနေသည်။
