CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၆

ဗမာလူမျိုးများသည် လူမျိုးကြီးဝါဒကို ကျင့်သုံးမှုမရှိသလို လူမျိုးရေး ခွဲခြားဆက်ဆံမှုများလည်း မရှိကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဘယ်လို တည်ဆောက်မလဲဆိုသည့်အပေါ်သာ အခြေခံစဉ်းစားသင့် သည်ဟု ဗမာနိုင်ငံရေးသမားများက ပြောသည်။

သို့သော် ဗမာမဟုတ်သော လူမျိုးများက လူမျိုးကြီးဝါဒ ကျင့်သုံးနေသည်ဟု ဗမာလူမျိုးများကို စွပ်စွဲနေကြ ကြောင်း၊ ထိုသို့ စွပ်စွဲမည်ဆိုလျှင် ဗမာမဟုတ်သော လူမျိုးများသည်လည်း လူမျိုးကြီးဝါဒ ကျင့်သုံးမှုများ ရှိနေ သည်ဟု မျိုးနွယ်စုများကြားမှာပင် စွပ်စွဲမှုများရှိနေခြင်းကို ဘယ်လို ဖြေရှင်းမလဲဟု မေးခွန်းထုတ်စရာရှိလာ ကြောင်း ၎င်းတို့က ပြောသည်။

ဗမာလူမျိုးများက လူမျိုးရေးခွဲခြားတာ မရှိကြောင်း၊ သို့သော် နိုင်ငံတော် အစဥ်အဆက် အုပ်ချုပ်လာသည့် သူများ က  တိုင်းရင်းသားများဘက် လှည့်မတွေးပေးခဲ့သည့် အရာလေးများကြောင့် လူမျိုးကြီးဝါဒ ကျင့်သုံးသည်ဟု ထင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လူမျိုးကြီးဝါဒကို မကျင့်သုံးပါဘူး ကျနော်တို့က။ ဟိုနာဂနဲ့ ဗမာနဲ့ထမင်း အတူမစားရဘူး၊ ချင်းနဲ့ ဗမာနဲ့ ထမင်းအတူ မစားရဘူးဆိုတဲ့ ပုံစံမျိုး ရှိမှမရှိတာကြီး။ ဘာမှမဟုတ်ဘူး လူမျိုးကြီးဝါဒဆိုတာ မရှိဘူး။ တကယ်က လူမျိုးရေးခွဲခြားတာလည်း မရှိဘူး။ လူမျိုးရေးခွဲခြားနေတာက တကယ့်တကယ် ခွဲခြားနေတာက တိုင်းရင်းသား တွေက ခွဲနေတာ။ ဗမာဆိုရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်မယုံဘူး၊ AA ပဲကြည့်၊ ကိုးကန့်ပဲကြည့်၊ MNDAA ပဲ ကြည့်ကြည့်၊ ချင်းပဲကြည့်ကြည့် ဗမာဆိုမယုံဘူး။ အဲ့ဒါလူမျိုးရေး ခွဲခြားနေတာပဲလေ။ ဗမာက လူမျိုးရေးခွဲခြား တာမှ မရှိတာကြီး။ တစ်ခုတော့ရှိတယ် သူကလူမျိုးကြီးဝါဒ မဟုတ်ဘူး သူတို့မှားနေတာ။ အဲ့ဒါဘာလဲဆိုလို့ရှိ ရင်တော့ individual ကိစ္စနဲ့ပဲ တစ်ဦးတစ်ယောက်ချင်း ကိစ္စနဲ့ပဲဆိုင်တယ်။ အဲ့ဒါဘာလဲဆိုရင် နိုင်ငံတော် အစဥ် အဆက် အုပ်ချုပ်တဲ့၊ လာခဲ့တဲ့လူတွေက သူကအထူးသဖြင့် ဒီတိုင်းရင်းသားတွေ ဘက်ကနေပြီးတော့ ကျနော်တို့ က လှည့်မတွေးပေးတဲ့ အရာလေးတွေရှိတယ်။ သူက ဒါတွေကြောင့်သူက ဥပမာဆိုပါတော့ဗျာ သူတို့နယ်မြေမှာ သူတို့က တစ်သက်လုံးပေါ့။ သမိုင်းနဲ့ချီပြီးတော့ လွတ်လွတ်လပ်လပ် အုပ်ချုပ်လာခဲ့တယ်။ ကျနော်တို့ လာပြီးတော့ ဝင်လာတဲ့ အခါကြလို့ရှိရင် သူတို့နယ်မြေကို သူတို့လွှမ်းမိုးတယ်လို့ ထင်တယ်ပေါ့။ ကျနော်တို့ကတော့ သူတို့ကိုဖိ နှိမ့်တာလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာကို ခေတ်ရဲ့စနစ်ရဲ့ ဘောင်ထဲကပဲ သွားလိုက်ကြတာ။ သူတို့ကို ထည့် မတွေး မိလိုက်ဘူးပေါ့နော်။ ဒီလို အချက်လေးတွေမှာတော့ ကျနော်တို့ နိုင်ငံတော်ဘက်ကနေ ချွင်းချက်တွေ ဒါရှိ တယ်။ ပြောရမယ်ဆိုလို့ရှိရင်တော့ အာဏာခွဲဝေမှုပေါ့နော်။ အဲ့ဒီအပိုင်းလေးတွေမှာတော့ ကျနော်တို့ ဒီဘက်က ချို့ယွင်းချက်ရှိတာ ရှိတယ်။ သူပြောတဲ့ လူမျိုးကြီးဝါဒနဲ့တော့ မဆိုင်ပါဘူး”ဟု ပြောသည်။

တိုင်းရင်းသားလူငယ်ပေါင်းစုံကို တွေ့ရစဉ် 

လူမျိုးကြီးဝါဒဆိုသည်မှာ လူသားအချင်းချင်း တူညီသည့် ဂုဏ်သိက္ခာ ရှိသည်ဆိုခြင်းကို ငြင်းပယ်ပြီး "ငါနဲ့မတူ ငါ့ရန် သူ" သို့မဟုတ် "ငါကသာ ပိုမြင့်မြတ်တယ်" ဆိုသည့် အဆိပ်အတောက်ဖြစ်စေသော စိတ်ဓာတ်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

တချို့က လူမျိုးကြီးဝါဒဟုပြောလျှင် နှိမ့်ချပြီး မတရားလုပ်နေသည်ဆိုသည့် ပုံစံမျိုးဘက်ကို ပြောတာများပြီး၊ လူမျိုးကြီးဝါဒ ဆိုသည်ကို တကယ် အပေါင်းလက္ခဏာ ဆောင်သည့် ပုံဖော်နည်းမျိုးနှင့် ပုံဖော်လျှင်ကောင်းမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လူမျိုးကြီး ဝါဒဆိုတာတောင် သိပ်မရှင်းဘူးပေါ့နော်။ တချို့ဟာက ကျနော်တို့က လူမျိုးကြီးရင် ယဥ်ကျေး မှု ပိုကြီးရမယ်လေ။ ယဥ်ကျေးမှု ပိုကြီးလို့ရှိရင် ပိုပြီးတော့မှ ပို၍ကောင်းမွန်သော အပြုအမှုမျိုးတွေ လုပ်ရမှာပေါ့။ လူမျိုးကြီးဝါဒလို့ မြန်မာပြည်မှာ ပြောပြီဆိုလို့ရှိရင် အဲ့ဒီလူမျိုးကြီးဝါဒကို ကျင့်သုံးနေပါတယ်ဆိုတာက အဲ့ဒီလို နှိမ့် ချပြီးတော့မှ မတရား လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုးလိုဘက်ကို ပြောတာမျိုး များတာပေါ့။ ဆိုတော့ အဲ့ဒါတွေ အကုန် လုံးက နိုင်ငံရေးအရ Framing(ဘောင်သွင်းခြင်း) လုပ်လိုက်တဲ့ဟာပေါ့။ ဒီကောင်တွေ မတရားဘူး၊ ဒီကောင်တွေ က ဟိုဟာလုပ်နေတယ်ဆိုတဲ့ ပုံစံမျိုးပြောကြတဲ့ အနှုတ်လက္ခဏာ ဘက်ကိုသွားတဲ့ဟာမျိုးပေါ့။ တကယ့် တကယ် တမ်း တိတိကျကျ ဒါ ကြီးက ဘယ်လိုလုပ်တယ်၊ ဘယ်ဟာကတော့ဘယ်လို ဘယ်ပုံစံမျိုးနဲ့ လုပ်ပါသည်။ လူမျိုး ကြီးဝါဒကို ကျင့်သုံးတာ ဖြစ်ပြီးတော့မှ ဒါသည် မလုပ်သင့်ပါဘူးဆိုတဲ့ဟာမျိုးက သိပ်ရှင်းရှင်းလင်းလင်း ပြောလေ့ မရှိဘူးပေါ့လေ။ ဒီလိုလုံးချတဲ့ ပုံစံမျိုးတွေ့ရတယ်။ ဆိုတော့ ကျနော် မြင်တာကတော့ လူမျိုးကြီးဝါဒဆိုတာ ရှိရ မယ်။ လူမျိုးကြီးဆိုရင် အင်မတန်ပိုပြီးတော့ ယဥ်ကျေးရမယ် ပိုပြီးတော့မှ၊ ကိုယ့်လောက် အင်အားမရှိတဲ့လူကို ပိုပြီးတော့မှ တွဲခေါ်တဲ့ ဟာမျိုးဖြစ်ရမယ်။ အဲ့ဒီလူမျိုးကြီးဆိုတဲ့ဟာကို ဘယ်လိုပုံသဏ္ဍမျိုးနဲ့ ပုံဖော်သလဲဆိုတဲ့ ဟာပေါ့နော်။ အနှုတ်လက္ခဏာနဲ့ ပုံဖော်နေတာ မဟုတ်ဘဲနဲ့ တကယ်ကို အပေါင်းလက္ခဏာဆောင်တဲ့ ပုံဖော် နည်းမျိုးနဲ့ ပုံဖော်ရင်တော့ ကောင်းမယ်ပေါ့”ဟု ပြောသည်။

တိုင်းရင်းသားလူငယ်ပေါင်းစုံကို တွေ့ရစဉ် 

ဗမာလူမျိုးကို လူမျိုးကြီးဝါဒ ကျင့်သုံးသည်ဟု တခြားသော လူမျိုးများက စွပ်စွဲနေသည့်တိုင် ကချင်နှင့် KIA ကိုလည်း ကချင်လူမျိုးကြီးဝါဒ ကျင့်သုံးနေသည်ဟု တခြားသော မျိုးနွယ်စုများက ထောက်ပြလျက်ရှိသည်။

ထို့ကြောင့် အပြန်အလှန် စွပ်စွဲမှုများထက် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဖက်ဒရယ်နှင့် ဒီမိုကရေစီ ကို အခြေခံသည့် နိုင်ငံအဖြစ် ဖန်တီး တည်ဆောက်မလဲ အဖြေရှာသင့်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

အလားတူ တိုင်းရင်းသားဆိုသည့် အဓိပ္ပာယ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ် ဖွင့်ဆိုရန်လိုအပ်ကြောင်း၊ ဗမာက တိုင်းရင်းသားလား တိုင်းရင်းသားမဟုတ်ဘူးလား ရှင်းရှင်းလင်းလင်း ရှိရန်လိုကြောင်း၊ ဗမာက တိုင်းရင်း သား ဆိုလျှင် ဗမာလူမျိုးများက တခြားသော လူမျိုးများကို တိုင်းရင်းသားများကဟု သုံးနှုန်းခြင်းကို ရှောင်ရှားရန် လိုအပ်သလို ဗမာမဟုတ်သော လူမျိုးများကလည်း ဗမာလူမျိုးကို တိုင်းရင်းသားဟု မသုံးနှုန်းဘဲ မိမိကိုယ်သာ တိုင်းရင်းသားဟု သုံးနှုန်းနေခြင်းကိုလည်း ရှောင်ရှားရန်လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်နှင့် ပျက်ပြားအောင် မလုပ်ရန်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။