CNI International News

ကိုလံဘို၊ မတ်လ ၆

သီရိလင်္ကာနိုင်ငံ၏ ကမ်းလွန်ရေပြင်တွင် အမေရိကန်ရေငုပ် သင်္ဘောတစ်စင်းက အီရန်စစ်သင်္ဘော တစ်စင်းကို တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ပြီးနောက် ထိုဒေသသို့ ထပ်မံရောက်ရှိလာသည့် ဒုတိယမြောက် အီရန်သင်္ဘောပေါ်မှ သင်္ဘောသားများ၏ အသက်ကို ကာကွယ်ပေးရန် ကြိုးပမ်းနေကြောင်း သီရိလင်္ကာနိုင်ငံက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

“ကျနော်တို့ အနေနဲ့ လူ့အသက်တွေကို ကယ်တင်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်”ဟု သီရိလင်္ကာ အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နာလင်ဒါ ဂျာယာတစ်ဆာ (Nalinda Jayatissa) က မတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ဒုတိယမြောက် အီရန်သင်္ဘောသည် သီရိလင်္ကာ ရေပိုင်နက် ပြင်ပရှိ စီးပွားရေးဇုန်အတွင်း ရောက်ရှိနေကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

အီရန်စစ်သင်္ဘောသားတွေကို သီရိလင်္ကာက ကယ်ဆယ်ရေးလုပ်နေစဉ်

ဖေဖော်ဝါရီ ၄ ရက်က အမေရိကန် ရေငုပ်သင်္ဘောတစ်စင်းသည် သီရိလင်္ကာကမ်းလွန် နိုင်ငံတကာရေပြင်၌ အီရန်စစ်သင်္ဘောတစ်စင်းကို တော်ပီဒိုဖြင့် ပစ်ခတ်နှစ်မြှုပ်ခဲ့သည်။

ထိုဖြစ်စဉ်သည် အရှေ့အလယ်ပိုင်းဒေသ၏ အပြင်ဘက်အထိ ကျယ်ပြန့်လာသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲ ဖြစ်စဉ်တစ်ခုဖြစ်သည်။

ဒုတိယမြောက် အီရန်စစ်သင်္ဘောပေါ်တွင် သင်္ဘောသား ၁၀၀ ကျော် လိုက်ပါလာပြီး အမေရိကန်ရေငုပ်သင်္ဘောက အီရန်စစ်သင်္ဘောအား ဖျက်ဆီးခဲ့သည့် နေရာကို ဦးတည်မောင်းနှင်နေသည်ဟု ဂျာယာတစ်ဆာက ပြောကြားခဲ့ သည်။

ထို့ကြောင့် အီရန်၏ ဒုတိယမြောက် စစ်သင်္ဘောသည်လည်း ပထမစစ်သင်္ဘောကဲ့သို့ တိုက်ခိုက် နှစ်မြှုပ်ခံရမည့် အရေးကို စိုးရိမ်မှုများ မြင့်တက်နေသည်။

အီရန်စစ်သင်္ဘောသားတွေကို သီရိလင်္ကာက ကယ်ဆယ်ရေးလုပ်နေစဉ်

“မနေ့ကတည်းက သီရိလင်္ကာ ရေပိုင်နက်အနီးကို ဖြတ်သန်းသွားတဲ့ ဒုတိယမြောက် အီရန်စစ်သင်္ဘောဟာ အိန္ဒိယမှာ ကျင်းပတဲ့ နိုင်ငံတကာ ရေကြောင်းဆိုင်ရာ အခမ်းအနား တစ်ခုကနေ ပြန်လာတဲ့ အီရန်ရေတပ်သင်္ဘော သုံးစင်းအုပ်စုထဲက သင်္ဘောလို့ ယူဆရပါတယ်”သီရိလင်္ကာနိုင်ငံရှိ အယ်လ်ဂျာဇီးယား သတင်းထောက် တစ်ဦး ဖြစ်သူ မီနယ်လီ ဖာနန်ဒက်ဇ် (Minelle Fernandez) က ပြောကြားခဲ့သည်။

“အဲဒီဒုတိယသင်္ဘောဟာ သီရိလင်္ကာ ဒေသန္တရအာဏာပိုင်တွေထံ ဆက်သွယ်လာပြီး စက်ချို့ယွင်းမှု ဖြစ်နေလို့ ဆိပ်ကမ်းကပ်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။ လက်ရှိမှာတော့ ဆိပ်ကမ်းကပ်ခွင့် မပေးသေးပေမယ့် အပြန် အလှန် ဆက်သွယ် ပြောဆိုမှုတွေ ရှိနေတယ်လို့ ကြားသိရပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် သီရိလင်္ကာနိုင်ငံသည် ကြားနေအဖြစ် ဆက်လက် ရပ်တည်နေပြီး အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲအတွင်း ဆွဲသွင်းခံရမည့် အခြေအနေမျိုးမှ ရှောင်ကြဉ်ရန် ကြိုးပမ်းနေသည်ဟုလည်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ