CNI International News
ဘဂ္ဂဒက်၊ မတ်လ ၆
အီရတ်နိုင်ငံမြောက်ပိုင်းရှိ အီရန်နွယ်ဖွား ကာ့ဒ်လက်နက်ကိုင်အဖွဲ့များက အီရန်နိုင်ငံအတွင်း နယ်စပ် ဖြတ်ကျော် စစ်ဆင်ရေးများ ပြုလုပ်ရန် ပြင်ဆင်နေကြသည်ဟု ကာ့ဒ်တပ်ဖွဲ့အရာရှိများက ပြောသည်။
ထို့နောက် အမေရိကန်ကလည်း ၎င်းတို့ကို ကူညီပံ့ပိုးပေးမည်ဟု ၎င်းတို့က ပြောသည်။
ကာ့ဒ်လက်နက်ကိုင် အဖွဲ့များသည် အကွဲကွဲအပြားပြား ဖြစ်နေသော အီရန် အတိုက်အခံ အင်အားစုများထဲတွင် စနစ်တကျ ဖွဲ့စည်းထားသော အင်အားစုအဖြစ် ရှုမြင်ခံထားရပြီး တိုက်ရည်ခိုက်ရည်ကောင်းသည့် လက်နက်ကိုင် အင်အား ထောင်ချီရှိသည်ဟု ယူဆရသည်။
ကာ့ဒ်လက်နက်ကိုင်များ စစ်ပွဲအတွင်း ပါဝင်လာခြင်းသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော အီရန်အစိုးရ အတွက် ကြီးမားသော စိန်ခေါ်မှု ဖြစ်လာနိုင်ပြီး အီရတ်နိုင်ငံကိုလည်း စစ်ပွဲအတွင်း တွန်းပို့သည့် အခြေအနေမျိုး ဖြစ်နေသည်။

ကာ့ဒ်တပ်ဖွဲ့ဝင်ကို တွေ့ရစဉ်
ကာ့ဒ်တပ်ဖွဲ့ အချို့သည် ဆူလေမာနီယာ (Sulaymaniyah) ပြည်နယ်ရှိ အီရန်နယ်စပ်အနီးသို့ ရွှေ့ပြောင်းနေရာ ယူထားပြီး အသင့် အနေအထားတွင် ရှိနေကြောင်း အီရတ်မြောက်ပိုင်း ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက် ကာဒစ္စတန်လွတ်မြောက်ရေးပါတီ (PAK) ၏ အရာရှိတစ်ဦးဖြစ်သူ ခါလီ နာဒီရီ (Khalil Nadiri) က မတ်လ ၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် တာဝန်ရှိသူများသည် စစ်ဆင်ရေးတစ်ခုနှင့် ပတ်သက်ပြီး အီရန်နွယ်ဖွား ကာ့ဒ် အတိုက်အခံအဖွဲ့ ခေါင်းဆောင်များကို ဆက်သွယ်ခဲ့ကြောင်း နာဒီရီက ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။
အမေရိကန်အစိုးရက အီရန်နွယ်ဖွား ကာ့ဒ်တပ်ဖွဲ့များကို လက်နက်တပ်ဆင်ပေးရန် စဉ်းစားနေသည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) က မတ်လ ၄ ရက်တွင် သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။

စစ်ပွဲဒဏ်ကိုတွေ့ရစဉ်
“ကျနော်တို့ရဲ့ ရည်မှန်းချက်တွေထဲမှာ သီးခြားတပ်ဖွဲ့ တစ်ခုခုကို ထောက်ပံ့ဖို့ ဒါမှမဟုတ် လက်နက်တပ်ဆင်ပေးဖို့ ဆိုတဲ့ အချက်အပေါ်မှာ အခြေခံထားတာ မဟုတ်ပါဘူး။ ဒါကြောင့် တခြားအဖွဲ့အစည်းတွေ ဘာတွေလုပ်နေသလဲ ဆိုတာကို ကျနော်တို့ သိရှိထားပေမယ့် ကျနော်တို့ရဲ့ ရည်မှန်းချက်တွေက အဲဒီအပေါ်မှာ ဗဟိုပြုမနေပါဘူး” ဟု ဟက်ဆက်က ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို မတိုက်ခိုက်ခင် အချိန်ကတည်းက အီရန်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှု များအပေါ် အကြမ်းဖက် နှိမ်နင်းမှုသည် အီရန်အစိုးရကို လက်စားချေသည့် အနေဖြင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ကို တိုက်ခိုက်ခဲ့ကြောင်း PAK အဖွဲ့က ပြောဆိုခဲ့ဖူးသည်။
သို့သော်လည်း အီရတ်နိုင်ငံအတွင်းမှ အီရန်နိုင်ငံထဲသို့ တပ်ဖွဲ့များ စေလွှတ်ခြင်းမျိုး မရှိသေးကြောင်း PAK အဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အခြား အီရန်နွယ်ဖွား ကာ့ဒ် အတိုက်အခံ အင်အားစု တစ်ခုဖြစ်သည့် ကိုမာလာ (Komala) အဖွဲ့မှ အရာရှိတစ်ဦး ကလည်း ၎င်းတို့ တပ်ဖွဲ့များသည် လာမည့်သီတင်းပတ် သို့မဟုတ် ၁၀ ရက်အတွင်း နယ်စပ်ကို ဖြတ်ကျော်ရန် အသင့်ရှိနေပြီး မြေပြင်အခြေအနေ သင့်တော်မည့်အချိန်ကို စောင့်ဆိုင်းနေကြောင်း မတ်လ ၄ ရက်က ပြောကြားခဲ့ သည်။
Source: အေပီ
