CNI International News
ဝါရှင်တန်၊ မတ်လ ၇
အီရန်တွင် နောက်ထပ် ခေါင်းဆောင်သစ် တစ်ဦးကို ရွေးချယ်သည့် လုပ်ငန်းစဉ်၌ အမေရိကန်လည်း အခန်းကဏ္ဍ တစ်ခုမှ ပါဝင်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က မတ်လ ၅ ရက်နေ့မှာ ပြောကြားခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် အီရတ်နိုင်ငံရှိ အီရန်ကာ့ဒ် လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် နယ်စပ်ဖြတ်ကျော်ပြီး အီရန်နိုင်ငံအတွင်း ဝင်ရောက် တိုက်ခိုက်မည်ဆိုပါက အလွန်အံ့အားသင့်စရာ ကောင်းလိမ့်မည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
အီရန်တွင် ကွယ်လွန်သွားသည့် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ၏ သားဖြစ်သူသည် နောက်တက်လာမည့် အီရန်ခေါင်းဆောင်သစ် ဖြစ်လာနိုင်ခြေ မရှိကြောင်းလည်း ထရမ့်က ရိုက်တာသတင်းဌာနနှင့် ဖုန်းဖြင့်ဆက်သွယ် ပြုလုပ်သော အင်တာဗျူး၌ ပြောကြားခဲ့သည်။

ကွယ်လွန်သွားပြီးဖြစ်တဲ့ အီရန်ခေါင်းဆောင် အလီခါမေနီနဲ့ အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်
“အီရန်မှာ ခေါင်းဆောင်သစ် ရွေးချယ်တာကို ကျနော်တို့လည်း ပါဝင်သွားမှာပါ။ ကျနော်တို့က အီရန်ခေါင်းဆောင် သစ်ကို ရွေးချယ်သွားမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်သည် အီရတ်နိုင်ငံရှိ ကာ့ဒ်လက်နက်ကိုင် အင်အားစုများကို အီရန်တွင် ထိုးစစ်ဆင်ရန် တိုက်တွန်းလိုက်ခြင်း သည် အီရန်စစ်ပွဲ၏ ၆ ရက်မြောက်နေ့၌ စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ဆင်ရေးကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီး၊ သေဆုံးသူများထဲတွင် အမေရိကန်စစ်သား ၆ ဦးလည်း ပါဝင်သည်။
အီရန်အစိုးရအပေါ် တန်ပြန်ထိုးစစ်ဆင်လိုသည့် ကာ့ဒ်တပ်ဖွဲ့များ၏ ဆန္ဒသည် အလွန်အံ့အားသင့်စရာကောင်းပြီး မိမိအနေဖြင့် အပြည့်အဝ ထောက်ခံကြောင်း ထရမ့်က ပြောကြားခဲ့သည်။

အီရန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အမေရိကန်သည် ဇန်နဝါရီလ အတွင်းကလည်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) အား ဖမ်းဆီးခဲ့ပြီး ရာထူးမှ ဖယ်ရှားခဲ့ကာ ဒုသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) သည် ယာယီသမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထရမ့်ကမူ ရိုဒရီဂွက်ဇ်သည် အလုပ် ကောင်းကောင်း လုပ်ခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အီရန်နိုင်ငံကို အနာဂတ်ဆီ ဦးဆောင်သွားမယ့်သူကို ရွေးချယ်တဲ့ လုပ်ငန်းစဉ်မှာ ကျနော်တို့လည်း ပါဝင်ချင်ပါ တယ်။ ဒါမှသာ နောက် ၅ နှစ်တစ်ခါ ဒီလိုကိစ္စမျိုးတွေကို ထပ်ခါထပ်ခါ ပြန်လုပ်နေစရာ မလိုတော့မှာ ဖြစ်ပါတယ်။ အီရန်ပြည်သူတွေ အတွက်ရော၊ အီရန်နိုင်ငံအတွက်ပါ ကောင်းမွန်စေမယ့် သူမျိုးကိုပဲ ကျနော်တို့ အလိုရှိပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်က ခါမေနီ၏ နေရာကို ဆက်ခံရန် ရေပန်းစားနေသည့် သားဖြစ်သူ မိုဂျ်တာဘာ (Mojtaba) သည် အီရန် ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရဖွယ် မရှိကြောင်း ပြောကြားခဲ့သည်။
အီရန်၏ ကွယ်လွန်သွားပြီဖြစ်သည့် နောက်ဆုံး ရှားဘုရင်၏ သားဖြစ်သူ ရီဇာ ပါလာဗီ (Reza Pahlavi) သည် အီရန်ခေါင်းဆောင်သစ် ဖြစ်လာနိုင်ခြေ ရှိ၊မရှိ ရိုက်တာသတင်းဌာနက မေးမြန်းချိန်တွင် ထရမ့်က “လူတိုင်း ကတော့ ရွေးချယ်မယ့် စာရင်းထဲမှာ ပါဝင်နေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဘယ်သူ့ရွေးမလဲဆိုတာ ပြောဖို့ အရမ်းစောနေပါသေးတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
