CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွား အခြေအနေများကို တည်ငြိမ်အောင် မလုပ်ဆောင်နိုင်ပါက လာဘ်ပေး လာဘ်ယူ ပ‌ပျောက်ရန် ခက်ခဲနိုင်သည်ဟု စီးပွားရေးသမားများနှင့် နိုင်ငံရေးသမားများက ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှု ပပျောက်ရန် ခက်ခဲနေရခြင်းသည် ဆယ်စုနှစ်ပေါင်း များစွာ အမြစ်တွယ်ခဲ့သော စနစ်ဆိုးများ၊ အာဏာအလွဲသုံးစားမှုများနှင့် တရားဥပဒေစိုးမိုးရေး အားနည်းချက်များ ကြောင့်ဟု နိုင်ငံရေးသမားများနှင့် ပြည်သူလူထုက ထောက်ပြကြသည်။

လက်ရှိ မြန်မာနိုင်သည် ပြည်တွင်းစစ် ဖြစ်နေသည့်အတွက် စစ်စရိတ်သာရှိပြီး ငွေကြေးဖောင်းပွမှုက ရှောင်လို့မရ ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုက နည်းသွားအောင် လုပ်လို့ပဲရမည်ဖြစ်ပြီး ပပျောက်အောင် မလုပ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါတွေက အကိုင်းတွေပါ၊ အကိုင်းအခတ်တွေ။ တကယ့်တကယ်က ပင်မရေသောက်မြစ်ရှိတယ်လေ။ အဲဒီ ပင်မရေသောက်မြစ်ကိုလုပ်မှ ဟိုဟာဖြစ်မှာ တစ်သက်လုံး ကျနော်တို့က အဂတိကို နှိမ်လာခဲ့တာလည်း ကြာ ပြီ။ အဂတိကလည်း နှိမ်လို့ရတယ်ကို မရှိဘူး ပိုတာဆိုးတာ။ အစိုးရတစ်ရပ်ကနေ ဒီငွေကြေးဖောင်းပွမှုကို ကျနော် တို့ ဘယ်လောက်လောက် ထိန်းချုပ်နိုင်သလဲပေါ့။ အဲဒီလို ငွေကြေးဖောင်းပွမှု ထိန်းချုပ်မှ ကျနော်တို့ ရရှိတဲ့ ဝန် ထမ်းရဲ့ လစာတန်ဖိုးရှိမှ၊ အသုံးခံမှ၊ အဂတိကနည်းမှာကို။ အဲဒီတော့ ခက်တာက လက်ရှိမှာ ပြည်တွင်းစစ် ဖြစ်နေ တဲ့ အခါကြတော့ စစ်စရိတ်သာရှိတာ ငွေကြေးဖောင်းပွမှုက ရှောင်မရဘူးပေါ့နော်။ နိုင်ငံတော်အစိုးရက အရမ်းကို လိမ်လိမ်မာမာ၊ ပါးပါးနပ်နပ်နဲ့ လုပ်နိုင်ကာမှ ကျနော်တို့က ဒီငွေကြေးဖောင်းပွမှုကို ထိန်းနိုင်မှာ။ စစ်ဖြစ်နေတာနဲ့ စစ်သုံးစရိတ်နဲ့တင်ကို သူကထိန်းဖို့က ခက်နေတာပေါ့နော်။ ငွေတန်ဖိုး မရှိလို့ရှိရင်တော့ ဒါကစားမှာပဲ။ အောက် ခြေ ဝန်ထမ်းတွေမှာလည်း ဘယ်လို ရပ်တည်နေရသလဲဆိုတာကို ငဲ့ကြည့်ဖို့သင့်တာပေါ့။ အဲဒီတော့ သူတို့လည်း  မရရတာ ရှာမှာပေါ့နော်။ အဓိက,ကတော့ အစိုးရရဲ့ ဘတ်ဂျတ်ပေါ်လစီ၊ ငွေကြေးပေါ်လစီ၊ ငွေစျေးမှာ ဘတ်ဂျတ် မှာ ကျနော်တို့က ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အချက်အလက်ပေါ် မူတည်ပါတယ်လို့ ပြောချင်ပါတယ်။ ဘာအဖွဲ့မှ မလိုဘူး။ စစ်မယ့်ကော်မတီကို မစစ်အောင် လာဘ်ထိုးအုံးမှာလို့။ အဂတိဖြစ်အုန်းမှာလို့ အဲဒီကော်မတီတွေက အ လကားပဲ။ အဲဒီကော်မတီတွေဖွဲ့လည်း အလကားပါပဲ။ ပထမတစ်ချက်က လာဘ်ပေးလာဘ်ယူမှုက ဘယ်တော့မှ မပျောက်ဘူး၊ ပပျောက်အောင် လုပ်မယ်ဆိုရင်တော့ မြန်မာပြည် အနေနဲ့ခက်တယ်။ ကျနော်တို့က နည်းသွား အောင် လုပ်လို့ပဲရတယ်။ အစိုးရယန္တရားကြီးက မတရားကြီးနေတဲ့ဥစ္စာကို ဒီအစိုးရ ဘယ်လိုလုပ်ပြီးတော့ နလန် ထူမလဲ”ဟု ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပစဉ်

ရုံးဌာနများတွင် ကိစ္စရပ်တစ်ခု မြန်ဆန်ချောမွေ့စေရန်အတွက် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းကို သာမန်ကိစ္စ တစ်ခုကဲ့သို့ လုပ်ဆောင်နေကြခြင်း၊ အာဏာရှိသူများနှင့် လုပ်ပိုင်ခွင့်ရှိသူများက မိမိတို့၏ရာထူးကို အသုံးပြု၍ ကိုယ်ကျိုးရှာရန် အခွင့်အရေးများ ရှိနေခြင်းတို့ကြောင့် လာဘ်ပေးလာဘ်ယူမှုသည် ပိုမိုကြီးထွားလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများ ရှိသော်လည်း အမှန် တကယ် လက်တွေ့ကျင့်သုံးရာတွင် ထိရောက်မှု အားနည်းခြင်း၊ တိုင်ကြားစာများတွင် ခိုင်လုံသော သက်သေအ ထောက်အထား မပြည့်စုံပါက အမှုဖွင့် အရေးယူရန် ခက်ခဲခြင်းဖြစ်ကြောင်းလည်း ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် စည်းမျဥ်း၊ စည်းကမ်းပေါင်း သောင်းခြောက်ထောင်ချပြီး မျိုးစုံလိုက်လုပ်ခိုင်းခြင်းကြောင့် ပြည်သူ များသည် ကြာသည့်ဒဏ်ကို မခံနိုင်ဘဲ မြန်ချင်သောကြောင့် ပိုက်ဆံပေး လာဘ်ထိုးမှုများ ဖြစ်ပေါ်လာသည်ဟု နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီဟာတွေကို ထိန်းကျောင်းတဲ့ အစုအဖွဲ့ဆိုပြီး ထပ်လုပ်တော့ အဲဒီထိန်းကျောင်းတဲ့ အစုအဖွဲ့ကို ထပ်ပြီး တော့မှ လာဘ်ထိုးကြ၊ အဲဒီထိန်းကျောင်းတဲ့ အဖွဲ့ကို ထပ်ထိန်းကျောင်းဖို့ ပြဿနာတွေက ဒီဆင့်ကဲဆင့်ကဲတွေ ဖြစ်တဲ့ဟာပေါ့။ အဓိက ကျနော်တို့က Corruption (အဂတိလိုက်စားမှု)တွေ ဘာကြောင့် ဖြစ်သလဲဆိုတဲ့ဟာမှာ တချို့ဟာက ကိုယ့်ရဲ့ရပ်တည်ရေးအတွက် လုပ်ရတဲ့ Corruption မှာ ဘာမှ ဘာရယ်ညာရယ် မဟုတ်ဘူး၊ အသေး အဖွဲ့လေးတွေ ၅၀၀၀၊ ၁၀,၀၀၀ ပုံစံမျိုးလေးတွေပေါ့။ အဲဒီဟာကကျတော့ အစိုးရကိုယ်တိုင် ဖြေရှင်းမှရတဲ့ကိစ္စ တွေပေါ့နော်။ ဘာလဲဆိုတော့ ဒီဝန်ထမ်းတွေရဲ့ လုပ်ခလစာ ဒါကခေတ်စနစ်နဲ့ လိုက်လျောညီထွေ သူတို့ ဂုဏ်  သိက္ခာရှိရှိ ရပ်တည်နိုင်ပြီးတော့မှ စားဝတ်နေရေး၊ စားနိုင်သောက်နိုင်အဆင့်ကို မဟုတ်ဘူး၊ နေသာထိုင်သာ အဲဒီ လို အနေအထားမျိုး ဖြစ်အောင်ထိကို အစိုးရတစ်ရပ် အနေနဲ့ လုပ်ပေးရမှာပေါ့။ အဲဒါကြမှသာလျှင် ကျနော်တို့ "Driver of Corruption" (အဂတိလိုက်စားမှုကို တွန်းအားပေးနေတဲ့ အကြောင်းအရင်းများ)တွေက ပျောက်တာ။ လုပ်ပိုင်ခွင့်ကိုင်ပြီးတော့မှ တကယ့်ကို သူဋ္ဌေးဖြစ် Corruption လုပ်တဲ့ဟာတွေပေါ့။ အဲဒီတကယ့်ကို လုပ်ပိုင်ခွင့် ရှိတဲ့ လူတွေမှာဖြစ်တာ။ အဲဒီအတွက်ကြောင့်မို့လို့ ငါးကြီးကြီးကို ဆော်ပါပေါ့။ ငါးကြီးကြီးဆိုတာ တကယ့် ရာထူး အာဏာ ရှိပါတယ်ဆိုတဲ့ လူတွေကို လုပ်ပြလိုက်လို့ရှိရင် ဒါကပိုအရှိန်တက်သွားမှာပေါ့”ဟု ပြောသည်။

စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံကို တွေ့ရစဉ်

ထို့နောက် စီးပွားရေးသမားများ လာဘ်ပေးလာဘ်ယူ မလုပ်ရန် ပြောမည့်အစား လုပ်ငန်း ဆောင်တာများ လွယ်ကူ မြန်ဆန်အောင် လုပ်ပေးခြင်းဖြင့် လာဘ်ပေးလာဘ်ယူ ပပျောက်အောင် ဆောင်ရွက်သင့်ကြောင်း ဦးထက်အောင် ကျော်က ဆက်ပြောသည်။

၎င်းက “ စီးပွားရေးသမားတွေ မင်းတို့ လာဘ်မထိုးကြပါနဲ့ပြောရအောင် သူတို့လုပ်နေတဲ့ လုပ်ငန်းဆောင်တာ တွေကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မြန်မြန်ဆန်ဆန် ဖြစ်အောင် လုပ်ထားတဲ့ အခင်းအကျင်းရှိလား ဆိုတာလဲ ပြန်ကြည့်ရမှာ။ စည်းမျဥ်း၊ စည်းကမ်းပေါင်း သောင်းခြောက်ထောင်တွေ ချပြီးတော့မှ မလိုလည်း၊ လိုလည်း ဟိုခုံမှာ လက်မှတ်ထိုး၊ ဒီခုံမှာ လက်မှတ်ထိုး ဆိုပြီးတော့မှ မျိုးစုံတွေ လိုက်လုပ်ခိုင်းတော့ အဲဒီမှာ အချိန်တွေကြာ အဲဒီကြာတဲ့ဒဏ်ကို မခံနိုင်တော့ မြန်ချင်တော့ ပိုက်ဆံပေး။ ဒီကိစ္စတွေက ဒါတစ်သက်လုံး ဖြစ်လာတဲ့ကိစ္စတွေ”ဟု ပြောသည်။ 

စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့်လည်း မိမိတို့ တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကို လိုလားမှုနှင့် လုံခြုံရေးဆောင်ရွက်နေသူများ၊ နိုင်ငံ့ဝန်ထမ်းများကို ငွေကြေးပေး လာဘ်ထိုးခြင်းများနှင့် မဖျက်ဆီးကြရန် လို သည်ဟု သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။