CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးသွားပြီဖြစ်၍ လာမည့် မတ်လအတွင်း တတိယ အကြိမ် လွှတ်တော်ခေါ်ယူရေး အခြေအနေ မည်သို့ ရှိနိုင်သလဲဆိုသည့်အပေါ် အားလုံးက စောင့်ကြည့်နေကြ သည်။

မတ်လနောက်ဆုံး အပတ်တွင် လွှတ်တော်ခေါ်ယူမည်ဟု နေပြည်တော်အစိုးရဘက်က ထုတ်ဖော် ပြောကြားထား သော်လည်း ရက်အတိအကျကို မပြောသေးပေ။

ထို့ကြောင့် လွှတ်တော်ခေါ်မည့်ရက် စောလျှင် အစိုးရဖွဲ့စည်းမှု ဧပြီ ၁ ရက်နေ့ ဖြစ်နိုင်သော်လည်း လွှတ်တော် ခေါ်မည့်ရက် နောက်ကျပါက အစိုးရဖွဲ့စည်းမည့် အချိန်နောက်ကျနိုင်ကြောင်း ထောက်ပြလျက်ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေးထားချက်အတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ လွှတ်တော်ကြီးပေါ်လာ သည့်အခါ အစိုးရက ဥပဒေကြမ်းများ တင်သွင်းပါလိမ့်မည်ဟု ရခိုင်တိုင်းရင်းသားများပါတီ(RNP)ဥက္ကဋ္ဌ ဦးဘရှိန်က CNI သတင်းဋ္ဌာနသို့ ပြောသည်။

၎င်းက “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားတာပဲ လွှတ်တော်ကြီး ပေါ်လာတဲ့အခါ အစိုးရက ဥပဒေကြမ်းတွေ တင်သွင်းရတယ်။ ဘယ်လို ဥပဒေကြမ်းတွေကို ဘယ်လိုလွှတ်တော်မှာ တင်သွင်းရတယ်။ အသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေ ခေါ်လိုက်လို့ရှိရင် ပြည်ထောင်စုမှာ လွှတ်တော်နှစ်ခုရှိမယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်။ နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာလည်း သူဟာနဲ့သူ အဖွဲ့အစည်းတွေရှိကြမှာ။ လွှတ်တော် ခေါ်လို့ရှိရင် လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက် ရွေးဖို့အတွက် သဘာပတိရွေးမှာပေါ့။ သဘာပတိက ရှေ့မှောက်မှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို မဲပေးပြီးတော့၊ ဒါမှမဟုတ်ရင်လည်း အပြိုင် အဆိုတင်မယ့်လူ မရှိရင် တော့ တစ်ခါတည်း လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားမှာပေါ့။ လွှတ်တော်ဥက္ကဋ္ဌ ရပြီဆိုမှ ပြည်သူလွှတ်တော်မှာ ဥက္ကဋ္ဌရမယ်။ အမျိုးသားလွှတ်တော်မှာ ဥက္ကဋ္ဌရမယ်။ ပြည်နယ်တွေမှာရော တိုင်းဒေသတွေမှာရော ဥက္ကဋ္ဌရပြီဆို လွှတ်တော် အကြီးအကဲတွေ ပေါ်လာပြီပေါ့။ ဒီနှစ်ခုပေါင်းပြီးတော့ အစည်းဝေးခေါ်လိုက်လို့ရှိရင် ပြည်ထောင်စု လွှတ်တော်လည်း ပေါ်လာမှာပေါ့။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းမှာတော့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ် တော်ရဲ့ နာယက အမျိုးသားလွှတ်တော်ရဲ့ဒုတိယဥက္ကဋ္ဌ၊ ဒုတိယနာယက အဲ့ဒီလို ၂ နှစ်ခွဲ တာဝန်ထမ်းဆောင် ရမယ်။ အဲ့ဒီလိုနဲ့ ၅ နှစ်တာ ခရီးကို ကျော်ဖြတ်ကြမှာပေါ့”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်နေ့ ဗိုလ်ရှုခံ အခမ်းအနား တက်ရောက်စဉ်

မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် အထိ အပိုင်း(၃) ပိုင်း ခွဲခြား၍ ကျင်းပခဲ့သည်။

ထို့နောက် လွှတ်တော်ကို မတ်လနောက်ဆုံးပတ် ခေါ်ယူ၍ ဧပြီလမှာ အစိုးရဖွဲ့စည်းမည်ဟု နေပြည်တော်အစိုးရက ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ( ၄ )  ဥပဒေပြုရေး အပိုဒ်ခွဲ ၁၂၃ ၌ ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ် ရပ်စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့် နေ့မှစ၍ ရက် ပေါင်း ၉၀ အတွင်း ကျင်းပရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။

ထိုသို့ဆိုလျှင် မတ်လ ၂၅ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ခေါ်ယူရမည်ဆိုသည့် သဘောဖြစ်နေကြောင်း၊ သို့သော် မတ်လ ၂၇ ရက်တွင် တပ်မတော်နေ့ အခမ်းအနားရှိသည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်နေ့ ဗိုလ်ရှုခံ အခမ်းအနားကို သမ္မတရာထူး မထမ်းဆောင်ခင် နောက်ဆုံး တပ်မတော် အကြီးအကဲ အနေဖြင့် တက်ရောက်ရန် စီစဉ်ထားပါက လွှတ်တော်ခေါ်ယူရေးသည် မတ်လ ၂၇ ရက် နောက်ပိုင်းမှ ဖြစ်နိုင် ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက ထောက်ပြကြသည်။

ထို့နောက် လွှတ်တော်ခေါ်ယူမည့်ရက် နောက်ဆုတ်ပါက ဧပြီလအတွင်း အစိုးရဖွဲ့စည်းရေးမှာလည်း နောက်ဆုတ် သွားမည်ဖြစ်သည်။

လွှတ်တော် အဆောက်အအုံကို တွေ့ရစဉ် (getty images)

ယခုက လူထု၏ရွေးချယ်မှုဖြစ်ပြီး လွှတ်တော်ကြီးက အရောင်မစုံကြောင်း၊ တစ်ရောင်တည်းဖြစ်နေကြောင်း၊ ထို ကြောင့် ယခုကာလ ၅ နှစ်ကမှု အာဏာရပါတီ၏  လက်အောက်တွင် ကြိုက်ကြိုက်မကြိုက်ကြိုက် လှုပ်ရှားရမှာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူက လွှတ်တော် ဘယ်လိုခေါ်မယ် မခေါ်ဘူးဆိုတဲ့ ဒီအတိုင်းအတာတွေ အကုန်လုံးက တချို့က ပြောကြတာ ပေါ့။ လွှတ်တော်ဥပဒေထက် အာဏာကြီးတယ် မကြီးဘူး ပြောကြမှာပေါ့။ တကယ်တော့ ဥပဒေကြောင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်က အခုထက်ထိ မပြီးဆုံးသေးပါဘူး။ လွှတ်တော် ခေါ်လိုက်တဲ့နေ့ ပေါ့နော်။ အဲ့ဒီနေ့ကျမှ စာချွန်တော်က အသက်ဝင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အဲ့ဒီနေ့ကျမှ နိုင်ငံတကာ က အခွင့်အရေးတွေကို သူက အပြည့်အဝ ပြန်ရမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီကြားထဲမှာလည်း ဒီကာလထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့က လိုအပ်တဲ့ ဥပဒေအားလုံးကို ပြဋ္ဌာန်းခွင့် သူ့မှာ အခွင့်အာဏာ အပြည့်အစုံ ရှိပါတယ်။ Mother Law ကြီးကကို ပေးထားတာပေါ့နော်။ ပြောရမယ်ဆိုရင်တော့ သူ အာဏာ လွဲပြီးသွားမှပဲ ဒီအခွင့်အရေးတွေ ဒါဥပဒေနဲ့ မညီဘူး၊ ညီတယ်ဆိုတာ ဒါက ပြောကောင်းပြောနိုင်ပါတယ်”ဟု ပြော သည်။

သမ္မတရွေးချယ်ခြင်း၊ တပ်မတော်အကြီးအကဲ ရွေးချယ်ခြင်းနှင့် ဝန်ကြီးချုပ်များ ရွေးချယ်ခြင်းကို ဧပြီလ သင်္ကြန်မ တိုင်ခင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။